ဘူးသီးတောင်တွင် ဖမ်းမိ ယာဘားဆေးပြားတစ်သိန်းနှင့် ဆက်စပ်၍ ရဲက လူသုံးဦးကိုဖမ်းဆီး

ဘူးသီးတောင်တွင် ဖမ်းမိ ယာဘားဆေးပြားတစ်သိန်းနှင့် ဆက်စပ်၍ ရဲက လူသုံးဦးကိုဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သင်္ဘောဆိပ်ကမ်းတွင် ယခုလ စောစောပိုင်းက ဖမ်းမိခဲ့သော ယာဘား စိတ်ကြွဆေး (၁) သိန်းနှင့် ဆက်စပ်သူများဟု သင်္ကာမကင်းသူ (၃) ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။

“ ရုံးမတင်သေးသလို တရားရုံးကလည်း အပြစ်ရှိတယ်လို့ မသတ်မှတ်သေးဘူး။ စစ်ဆေး နေတုန်းဘဲ ရှိသေးတယ်။ ဒါကြောင့် လုပ်ထုံးလုပ်နည်းအရ သူတို့နာမည်တွေကိုတော့ ထုတ်ဖေါ်ပြောလို့ မရဘူး။ ဒါပေမယ့် ဖမ်းဆီးထား သုံးဦးရှိတယ်။ နှစ်ဦးက စစ်တွေက ရခိုင်၊ တစ်ဦးက မောင်တောက မူဆလင် ဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူး ဦးအောင်ဗလေးက နိရဥ္စရာသို့ ပြောသည်။

ယခုလ ၉ ရက်နေ့က စစ်တွေမှ ဘူးသီးတောင်သို့ ဆိပ်ကပ်လာသော ပြည်တွင်းရေကြောင်းပိုင် လူတင် သင်္ဘောတစ်စီးအား သတင်းအရ ရဲကတက်ရောက်ရှာဖွေစဉ် PLK ကော်ဖီတံဆိပ်ပါ အထုပ်များထဲမှ ယာဘားစိတ်ကြွဆေးပြား (၁) သိန်းကို ဖမ်းမိခဲ့့သည်။

“ ကျွန်တော်တို့က ဒီအထုပ်တွေကို ဘယ်သူပို့သလဲ၊ ဘယ်ကလာသလဲဆိုတာကို စစ်ဆေးတော့ စစ်တွေက ဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ပိုင်ရှင် ဖြစ်သူနဲ့ ပို့တဲ့ အလုပ်သမား တစ်ဦးကို ဖမ်းတယ်။ နောက်ပိုင်းမှာ မောင်တောက မူဆလင် တစ်ဦးကို ဆက်ဖမ်းတယ်။ ကျန်ပါ၀င်ပတ်သက်တဲ့ မောင်တောက မူဆလင် တစ်ဦးကတော့ ဘင်္ဂလာဒေချ့်ကို ထွက်ပြေးသွားတယ်” ဟု ရဲမှူးက ဆိုသည်။

သူတို့အား ရုံးတင် တရားစွဲဆိုမည်/ မစွဲဆိုမည်ကို အမူ စစ်ဆေးနေတုန်းဖြစ်၍ မပြောနို်င်ကြောင်း သူက ဆက်ပြောဆိုသည်။

ရခိုင်ပြည်နယ်သည် ယခုအခါ ဘင်္ဂလာဒေချ့်သို့ တင်ပို့သော မူးယစ်ဆေးဝါး သယ်ယူရာ လမ်းကြောင်း တစ်ခုဖြစ်နေပြီး မကြာခဏဆိုသလို ယာဘား စိတ်ကြွဆေးပြားများကို ဖမ်းဆီးမိနေသည်ဟု သိရသည်။

Most read this week