လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်

လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့ ကုလနှင့် တရုတ်တက်ရောက်
by -
ကေအဲန်ဂျီ

တိုင်းရင်းသားခေါင်းဆောင်များ၏ လိုင်ဇာထိပ်သီးအစည်းအဝေး တတိယနေ့သို့ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် မစ္စတာ နမ်ဘီယားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီမှ ပြန်လည် ပြုလုပ်သော အစည်းအဝေးတွင် မစ္စတာ နမ်ဘီယားနှင့် တရုတ်ကိိုယ်စားလှယ် ယခင်က မစ္စတာ ဝမ်ယိန်ဖန်း (Mr Wang Yingfan) ၏ လက်ထောက် မစ္စတာ တန်ယင် (မြန်မာအမည် ဦးထွန်းလွင်) တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်ဟု သိရသည်။

UN-Vijay-Nambiar

“ရောက်တယ်။ ဒီညနေ ၂ နာရီအစည်းအဝေးမှာတော့ တက်တယ်” ဟု ဦးဒွဲပီဆာက ပြောသည်။

မစ္စတာ နမ်ဘီယားက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတွက် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြင့် အကောင်းဆုံးဖြစ်လာနိုင်ရန် မျှော်လင့်ကြောင်းနှင့် ကုလသမဂ္ဂမှ ကူညီထောက်ပံ့မှုများ ဆက်လက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ သဝဏ်လွာကို ပြောဆိုခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ KIO အရာရှိ တဦးက ပြောသည်။

အလားတူ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်သေးဘဲ စီးပွားရေး တိုးတက်မှု နည်းကွေးနေကြောင်း၊ ငြိမ်းချမ်းရေးရရှိရေး တရုတ်နိုင်ငံအနေဖြင့် ကူညီမည်ဟု ပြောဆိုခဲ့သည်ဟု တရုတ်ကိုယ်စားလှယ်ကလည်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“တရုတ်နဲ့မြန်မာက နယ်စပ်ဖြစ်တဲ့အတွက် အမြဲတမ်း ဆက်သွယ်ဖို့ လိုတယ်။ အခုလိုု ငြိမ်းချမ်းဆွေးနွေးတာကို ဝမ်းသာတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံက တိုးတက်မှုတွေ ရှိနေပြီ။ မြန်မာနိုင်ငံက မငြိမ်းချမ်းလို့ တိုးတက်မှု နောက်ကျနေတယ်။ ခုလို စည်းဝေးလုပ်ပြီး ငြိမ်းချမ်းရေးယူပြီး တိုးတက်အောင် ကျနော်တို့ တရုတ်အစိုးရကလည်း တတ်နိုင်သလောက် ကူညီမယ်” ဟု သူက ဆက်ပြောသည်။

ထို့ပြင် တတိယနေ့ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်များနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး/ရှမ်းပြည်တပ်မတော် (RCSS) ကိုယ်စားလှယ်များ လေ့လာသူများအဖြစ် တက်ရောက်နေသည်ဟု သိရသည်။

သုံးရက်ကြာ ဆွေးနွေးမှုတွင် အပစ်ရပ်မူကြမ်းမှ အခန်း ၆ ချက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ခေါင်းစဉ်အား ဆက်လက် ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့ ကိုယ်စားလှယ် ၈၀ ကျော်တက်ရောက် ဆွေးနွေးနေသည်။ ၎င်းထိပ်သီးအစည်းအဝေးကို ယခုလ ၂၄ ရက်နေ့မှ စတင်ကျင်းပရန် မူလာက စီစဉ်ခဲ့သော်လည်း ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

Most read this week