MSF ကို ရခိုင်ပြည်နယ် ပြန်ခေါ်သွင်းလာမူအတွက် သမ္မတရုံးဝန်ကြီးတောင်းပန်

MSF ကို ရခိုင်ပြည်နယ် ပြန်ခေါ်သွင်းလာမူအတွက် သမ္မတရုံးဝန်ကြီးတောင်းပန်
by -
နိရဥ္စရာ

MSF ခေါ် AZG အား ရခိုင်ပြည်နယ်တွင် ကျန်းမာရေး လုပ်ငန်းများ လုပ်ကိုင်ရန် ပြန်လည် ခေါ်သွင်းလာမူအပေါ် ရခိုင်ပြည်သူများအား တောင်းပန်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ပြောကြားခဲ့သည်ဟု စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇူလိူင်လ ၂၇ ရက်နေ့ နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော စစ်တွေမြို့ ဒေသခံများနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ အနောက်တိုင်း သံအမတ်ကြီးများးနှင့် တွေ့ဆုံစဉ် ၀န်ကြီး ဦးစိုးသိန်းမှ ထိုသို့ ပြောကြားခဲ့သည်ဟု ဦးသန်းထွန်းက ဆိုသည်။

27-7-2014-4

“သူက ထူးထူးခြားခြား ဘာပြောသလဲဆိုရင် MSF ကို ရခိုင်ပြည်နယ်ထဲမှာ ကျန်းမာရေး လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ ခေါ်သွင်းလာရတဲ့အတွက် ကျွန်တော်အနေနဲ့ တောင်းပန်ပါတယ်လို့ ပြောဆိုပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ၀န်ကြီးမှ ရခိုင်ပြည်သူများ၏ ခံစားမူကိုလည်း မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ နိုင်ငံတော် အစိုးရဘက်မှ ကြံုတွေ့နေရသော အခက်အခဲနှင့် အကျပ်အတည်းများကိုလည်း ရခိုင်ပြည်သူလူထု အနေဖြင့် ကိုယ်ချင်းစာ နားလည်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်ဟု သူက ဆိုသည်။

“သူတို့ ခုလို စစ်တွေမြို့မိမြို့ဖ အပါအဝင် အရပ်ဘက် လူမူ အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံရတဲ့ အကြောင်းက MSF ကို ရခိုင်ပြည်နယ်ကို ပြန်လည်ခေါ်သွင်းလာရတဲ့ အကြောင်းကို ရှင်းပြချင်တဲ့ အတွက် ဖြစ်တယ်။ မြန်မာနိုင်ငံဟာ MSF နဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမူတွေ အများကြီးရှိလာတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ကိုင်ဖို့ လက်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းက တစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒေသ ဖွံ့ဖြိုးရေးကို ရှင်းပြချင်တဲ့ အကြောင်းအရာက တစ်ပိုင်း ပါတယ်ပေါ့လေ” ဟု သူက ဆိုသည်။

MSF ကို ရခိုင်ပြည်နယ်တွင် ပြန်လည် ခေါ်ယူ၍ ပြသနာ ဖြစ်ပွားပါက ခေါ်ယူသူ ရခိုင်ပြည်နယ် အစိုးရတွင်သာ တာဝန်ရှိမည် ဖြစ်ပြီး မိမိတို့ ရခိုင်ပြည်သူလူထု အနေနှင့် တာဝန်ရှိမည်မဟုတ်ဟု ဦးသန်းထွန်းက ပြောသည်။

“ကျွန်တော်တို့ ရဲ့ MSF နဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ထားတာရှိပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာ လည်း မြို့မိမြို့ဖ တစ်ဦး ဖြစ်တဲ့ ဦးသာပွင့်က MSF ကို အစိုးရက ပြန်လက်ခံတာကို ရခိုင်ပြည်သူက လုံးဝ လက်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် နယ်စပ် လုံခြံုရေးကိစ္စ၊ ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများ ကိစ္စ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် စစ်တွေမြို့မိ မြို့ဖ တစ်ဦး ဖြစ်သူ ဦးကျော်ဦးကလည်း Develop ဖွံ့ဖြိုးတိုးတက်မူ လုပ်သည်ကို လက်ခံပါကြောင်း၊ သို့သော်လည်း ရခိုင်ပြည်နယ်တွင် ဘင်္ဂလီများနှင့် ဖြစ်ပွားနေသော နာတာရှည်ရောဂါကို ပျောက်အောင် မကုသဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်၍ ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် လဝက ၀န်ကြီး ဦးခင်ရီမှ ဘင်္ဂလာဒေချ့်မှ ၀င်ရောက်လာသော ရခိုင်မျိုးနွယ်စုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် တစ်ဘက်နိုင်ငံမှ ၀င်လာသူများမှာ ရခိုင်တိုင်းရင်းသား ဖြစ်ကြသော်လည်း တစ်ဘက်နိုင်ငံသား အဖြစ် ခံယူထားသဖြင့် သူတို့၏ မြန်မာနိုင်ငံသား ဖြစ်ပိုင်ခွင့်မှာ ဆုံးရှံုးသွားခဲ့ပြီ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သူတို့အား ပစ်ပယ်ထားခြင်း မဟုတ်ကြောင်း၊ သူတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မူ ဥပဒေအရ နိုင်ငံသား (၂)ခု ဖြစ်၍ မရကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် လျှောက်လိုလျှင် တဘက်နိုင်ငံသားအဖြစ် ခံယူထားမူကို စွန့်လွတ်ရမည် ဖြစ်ကြောင်း၊ စွန့်လွှတ်ပြီးလျှင် မြန်မာနိုင်ငံသားအဖြစ် ပြန်လျှောက်ထား နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ လဝက ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ အမေရိကန် သံအမတ်ကြီး၊ ဗြိတိသျှ သံအမတ်ကြီးတို့ အပါအဝင် လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ညနေ ၃ နာရီခွဲတွင် ရပ်နားခဲ့သည်ဟု သိရသည်။

Most read this week