ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တောင်ကုတ်ဒေသခံများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် တောင်ကုတ်ဒေသခံများနှင့်တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းသည် ယနေ့နံနက်က တောင်ကုတ်မြို့တွင် ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်ဟု သိရသည်။

“ တွေ့တာက နံနက် ၉ နာရီ ၃၀ မှာ ထွေအုပ်ရုံးမှာတွေ့ပါတယ်။ အဓိက အကြောင်းအရာကတော့ အရင်က သူပြောခဲ့သလိုဘဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို သူလုပ်ပေးမယ်ဆိုတဲ့ အကြောင်း၊ သူက ပြည်မက ဖြစ်ပေမယ့် ရခိုင်အမျိုးသား တစ်ဦးကဲ့သို့ ရခိုင်ပြည်နယ်ကို ချစ်ခင်စိတ်ရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု အစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ တောင်ကုတ်မြို့နယ် NLD ဥက္ကဌ ဦးတင်သိန်းအောင်က ပြောသည်။

ယင်းပြင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ သူ့သက်တမ်းကာလမှာ ၂၀၁၅ ခုနှစ်ရွှေးကောက်မတိုင်မှီထိ ရှိမည်ဖြစ် ကြောင်း၊ ယင်းကာလအတွင်း သူ့အနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးရေး အတွက် ဘတ်ဂျက်ငွေများလည်း ရရှိထားကြောင်း ပြောဆိုသွားသည်ဟု ဆိုသည်။

“ အဓိကတော့ ပညာရေးကိစ္စ၊ မူးယစ်ဆေးဝါးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ သောက်သုံးရေ မလုံလောက်မူကိစ္စတွေကို သူ့အနေနဲ့ ပြည့်ပြည့်စုံဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်။ ရခိုင်ပြည်နယ်အတွက် ဘတ်ဂျက်ဘီလီယံ ၈၀ကျော်လား- ဘယ်လောက်ရထားတယ်ဆိုတာလည်း ပြောသွားပါတယ်။ ကျွန်တော်က ကိန်းဂဏန်းကို မမှတ်မိလိုက်ဘူး။ တောင်ကုတ်မြို့ ကမ်းပါးပြိုနေတာကို ပြုပြင်ဖို့ ကျပ်သိန်း (၂၀) ကိုတော့ လက်ငင်း ပေးသွားခဲ့ပါတယ်” ဟု သူက ဆက်ဆိုသည်။

တောင်ကုတ်မြို့မှ မြို့ခံ လူကြီး တစ်ဦးဖြစ်သူ ဦးကျောက်တောင်မှလည်း တောင်ကုတ် တက္ကသိုလ်တွင် သောက်သုံးရေ လိုအပ်နေကြောင်းကို တင်ပြခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ တင်ပြတာကတော့ တောင်ကုတ် ဂေါက်ကွင်းကိစ္စပေါ့။ အဲဒီဂေါက်ကွင်းအတွက် မြေကို စစ်တပ်ကလည်း မသိမ်းဘူးလို့ ပြောတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးကလည်း သူနဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဂေါက်ကွင်းကော်မီတီကိုပြောတော့လည်း မြို့မိမြို့ဖတွေနဲ့ ဆိုင်သလိုမျိုး ပြောတယ်။ ၂၀၀၁ ခုနှစ်ကတည်းက လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေရတယ်။ လယ်သမားတွေက ဟိုလက ထွန်တုံးတိုက်ပွဲဆင်တော့ တရားစွဲခံရတယ်။ ဒီလို ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို တင်ပြပါတယ်” ဟု ဦးတင်သိန်အောင်က ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းမှ မြို့တစ်မြို့ အနေဖြင့် ဂေါက်ကွင်းဆိုသည်မှာ ရှိသင့်ကြောင်း၊ သို့သော်လည်း တစ်ဘက်တွင် နစ်နာနေသူ တောင်သူ လယ်သမားများအား လျှော်ကြေး ပေးသင့်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ဆက်ပြောသည်။

အခမ်းအနားကို တက်ရောက်ခဲ့သူ ရခိုင်လူမူကွန်ယက်မှ ကိုဇေယျာကျော်မှလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်မှ နိုင်ငံတကာအန်ဂျီအိုများနှင့် ပတ်သက်ပြီး ဇောင်းပေး ပြောကြားသွားသည်ဟု ပြောသည်။

“ အဓိကတော့ ၀န်ကြီးချုပ် ပြောတဲ့အထဲမှာ နိုင်ငံတကာ အန်ဂျီအိုတွေကိစ္စလည်း ပါ၀င်ပါတယ်။ သူက ဒေသတစ်ခု ဖွံ့ဖြိုးရေးအတွက် အန်ဂျီအိုတွေရဲ့ အကူအညီတွေကိုလည်း လိုအပ်တာပေါ့။ ဒါကြောင့် အန်ဂျီအိုတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ကျွန်တော်တို့လည်း သဘောတူပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာ ရခို်င်တိုင်းရင်းသားကို မျက်ကွယ်ပြုပြီး ဟိုဘက်ကို ထောက်ပံ့တာတွေ လုပ်နေတဲ့ အပေါ်မှာသာ ကျနော်တို့ ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ပီးရင် နိုင်ငံတကာ အန်ဂျီအိုတွေ အနေနဲ့ ရခိုင်အရေးမှာ ပွင့်လင်းမြင်သာမူတွေ ရှိဖို့လိုတယ်လို့တော့ မြင်ပါတယ်” ဟု သူက ဆိုသည်။

ယနေ့ တွေ့ဆုံပွဲသို့ တောင်ကုတ်မြို့မိ မြို့ဖများ၊ နိုင်ငံရေး ပါတီမှ ကိုယ်စားလှယ်များ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း လူပေါင်း (၁၀၀) နီးပါးခန့် တက်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် တွေ့ဆုံပွဲမှာ ပြီးဆုံးခဲ့သည်ဟု သိရှိရသည်။

Most read this week