မောင်တောမြို့နယ်တွင် ဘင်္ဂလီလူမျိုးများက ရခိုင်ပိုင် လယ်မြေများကို ဌားရမ်းလုပ်ကိုင်မူ ရပ်ဆိုင်း

မောင်တောမြို့နယ်တွင် ဘင်္ဂလီလူမျိုးများက ရခိုင်ပိုင် လယ်မြေများကို ဌားရမ်းလုပ်ကိုင်မူ ရပ်ဆိုင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ ပိုင်ဆိုင်သည့် လယ်မြေများအား သီးစားစနစ်ဖြင့် အစဉ်အဆက် ဌားရမ်းလုပ်ကိုင်နေမူကို ဘင်္ဂလီလူမျိုးများမှ ယခုနှစ် စိုက်ပျိုးရာသီမှ စတင်ပြီး သူတို့သဘောနှင့် သူတို့ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

ထိုသို့ ရပ်ဆိုင်းလိုက်ခြင်းမှာ ရခိုင်တိုင်းရင်းသား လယ်ပိုင်ရှင်များအနေဖြင့် အခက်တွေ့စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မင်္ဂလာညွှန့်ကျေးရွာမှ လယ်သမား တစ်ဦးဖြစ်သူ ဦးအောင်သာလှက ပြောသည်။

သို့သော်လည်း ရခိုင်ပြည်နယ် အစိုးရမှ ရခိုင်တိုင်းရင်းသား လယ်သမားများ လယ်ယာထွန်ယက်စိုက်ပျိုးရာတွင် အခက်အခဲတစ်စုံတစ်ရာ မရှိစေရန် ရည်ရွယ်ပြီး ယခုအခါ ဒေသခံ ရခိုုင်တိုင်းရင်းသားလယ်သမားများထံသို့  လယ်ထွန်စက်၊ ခိုင်းနွားများနှင့် မျိုးစပါးများကို ကူညီထောက်ပံ့ပေးလျှက်ရှိကြောင်း ရခိုင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးသာလူချေက နိရဥ္စရာသို့ပြောသည်။

“ရခိုင်တိုင်းရင်းသားတွေက သီးစားချပေးထားတဲ့ လယ်တွေကို ဇွန်လအလယ်လောက်ကစပြီး ဘင်္ဂါလီတွေက ပြန်လာအပ်ကြလာတယ်။ ရခိုင်တွေ ဒုက္ခရောက်အောင်ဆိုပြီး သူတို့ရဲ့ မော်လဝီ ဆရာတွေက အဲသလို ညွှန်ကြားထားတယ်လို့ ကြားရတယ်။ ဒီအတွက် ရခိုင်တိုင်းရင်းသားတွေမှာ လတ်တလော စိုက်ပျိုး ထွန်ယက်ရာမှာ အခက်အခဲတွေ ဖြစ်လာတယ်။ အဲဒါကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရကနေ မျိုးစပါးတွေ၊ ဓါတ်မြေသြစာတွေနဲ့ လယ်ထွန်စက်တွေကို သိန်းပေါင်း မြောက်မြားစွာ အကုန်အကျခံပြီး ထောက်ပံ့ ပေးနေပါတယ်။ ခိုင်းနွားတွေ ထောက်ပံ့ပေးတာတော့ ဘဏ်ကနေ ငွေချေးပေးပြီး ဝယ်ပေးတဲ့ သဘောပါ”  ဟု ဆိုသည်။

ရခိုင်ပြည်နယ် အစိုးရမှ လယ်ယာသုံး စက်ကရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို ကူညီ ထောက်ပံ့နေသော လယ်သမားများမှာ မောင်တောမြို့နယ်နှင့် တောင်ပြို့မြို့နယ်ခွဲအတွင်း တည်ရှိသော ကျေးရွာများ ဖြစ်ကြသည့် မင်္ဂလာညွှန့်၊ အောင်ဇေယျ၊ ဖါးဝပ်ချောင်း၊ မင်းခမောင်း၊လောင်းဒုံ၊ ကြိမ်ချောင်း၊ ရန်အောင်မြင်၊ နန်းရာကိုင်း၊ ရေနောက်သား၊ အောင်သယာယာ၊ နွားရုံတောင်ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း (၃၆)ရွာမှ ဖြစ်ကြသည်ဟု သိရသည်။

“ အဓိကတော့ လယ်သမားတွေ အနေနဲ့ စိုက်ပျိုးရေးမှာ အခက်အခဲ မရှိရအောင် လုပ်သား မလုံလောက်မူ၊ မျိုးစပါးတွေ မလုံလောက်မူ စတဲ့ အခက်အခဲတွေကို ၀င်ရောက် ဖြေရှင်းပေးတာဖြစ်သလို တစ်ဘက်မှာလည်း လုံခြံုရေး အခြေအနေတွေကြောင့်လည်း ထွန်ယက် မစိုက်ပျိုးဘဲ မဖြစ်ရအောင် ကူညီတဲ့ သဘောပါ။ အဓိက အခက်အခဲက တိုင်းရင်းသားလယ်သမားတွေမှာ ဖြစ်နေတော့ သူတို့ကိုဘဲ ထောက်ပံ့ ကူညီရခြင်းဖြစ်ပါတယ်”  ဟု ဦးသာလူချေက ဆက်လက် ရှင်းပြပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှ စတင်ပြီး မောင်တောမြို့နယ် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် စနစ်တကျ ဖြစ်စေရေးအတွက် စခန်း(၄)ခုခွဲ၍ ကျေးရွာနှင့် မြို့နယ်အာဏာပိုင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြသည်ဟု သိရသည်။

“မျိုးစပါး၊ ဓာတ်မြေသြစာ၊ လယ်ထွန်စက်တွေ၊ နောက်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ခိုင်းနွားတွေပါ ပေးထားခဲ့ပါတယ်။ ကျေးရွာ(၃၆)ရွာကို လယ်ထွန်စက်တွေနဲ့ဓာတ်မြေသြစာတွေပေးနိုင်အောင် စခန်း (၄) ခုဖွဲ့ပြီး စီမံထားခဲ့ပါတယ်။ စခန်းတစ်ခုစီမှာ ကျေးရွာ (၉) ရွာစီ တာဝန်ယူရမယ်” ဟု သူက ပြောသည်။

ယခု ကူညီထောက်ပံ့ပေးရာတွင် လက်တွန်းထွန်စက် (၄၅)စီး၊ မျိုးစပါး (၄၄၆၃)တင်း၊ ဓာတ်မြေသြဇာ (၂၉၇၅) အိတ်တို့အပြင် လယ်ထွန်စက်ကြီး (၂)စီးတို့ပါ၀င်ကြောင်း သိရှိရသည်။

ယခုအခါ ထောက်ပံ့ပစ္စည်းများရရှိသော လယ်သမားများမှာ လယ်လုပ်ငန်းများ စတင် လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း၊ သို့ရာတွင် လုံခြံုရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများရှိနေကြကြောင်း မောင်တောမြို့နယ် နံသာတောင် ဆရာတော် ဦးစရဏက မိန့်ကြားသည်။

“အိမ်ခြေအလိုက် လယ်သမားဦးရေက ဘယ်လောက်ရှိတယ်ဆိုတာတွက်ချက်ပြီး လယ်သမား ဦးရေနည်းတဲ့ ရွာဆို ထွန်စက်တစ်လုံးတန်ရင် တစ်လုံး၊ ရွာကြီးရင် ထွန်စက်(၅)လုံးတန်ရင် (၅)လုံး ဆိုပြီး အချိုးကျ ခွဲဝေ ပေးတယ်။ လယ်သမားတွေကတော့ လယ်ထွန်နေကြပါပြီ။ ဒါပေမယ့် စိုက်ပျိုးထားတဲ့ စပါးတွေကို ဘင်္ဂါလီတွေက လာပြီးဖျက်ဆီးမှာကိုတော့ စိုးရိမ်မှုတွေရှိနေကြတယ်” ဟု မိန့်ကြားသည်။

၀န်ကြီး ဦးသာလူချေက“ သူတို့ လုံခြံုရေးတွေ အတွက်လည်း စီစဉ်သွားမယ်။ ဘာမှ ပူပင်စရာမရှိပါဘူး။”ဟု ဆက်ဆိုသည်။

တောင်ပြိုမြို့နယ်ခွဲမှ ကိုထွန်းဝင်းကမူ ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားပိုင်လယ်များကို ဌားရမ်း လုပ်ကိုင်ခြင်းကို ရပ်ဆိုင်းလိုက်သဖြင့် အခက်အခဲတွေ့မည့်သူများမှာ ဘင်္ဂလီလူမျိုးများသာ ဖြစ်ပြီး သူတို့အနေဖြင့် နိုင်ငံတကာ အန်ဂျီအိုများ၏ အကူအညီကို မျှော်မှန်းပြီး ယခုလို ရခိုင်ပိုင် လယ်များတွင် သီးစားချ ဌားရမ်းလုပ်ကိုင်ခြင်းကို မလုပ်ကိုင်ဘဲ ရပ်ဆိုင်းရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

ယခုလက်ရှိအခြေအနေတွင် မောင်တာမြို့နယ်အပြင် ရသေ့တောင်မြို့နယ်တွင်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖန်တီးဆောင်ရွက်ပေးနိုင်ရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။

Most read this week