မိုးသည်းထန်ခြင်းကြောင့် ဂျေယန့် ဒုက္ခသည်စခန်း မြေပြို၍ လူ ၅ ဦးသေဆုံး

မိုးသည်းထန်ခြင်းကြောင့် ဂျေယန့် ဒုက္ခသည်စခန်း မြေပြို၍ လူ ၅ ဦးသေဆုံး
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီကျော်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး သေဆုံးခဲ့သည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။

ဇူလိုင်လ ၂၁ရက်နေ့ ညသန်းခေါင်ယံမှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လိုင်ဇာမြို့မှ ရ မိုင်ခန့်ရှိ ဂျေယန့် ဒုက္ခသည် စခန်း ၆ အေ ရပ်ကွက်မှ နေအိမ်တစ်လုံးပေါ် မြေပြို၍ နံနက်ထမင်းစားနေသော မိသားစု နှစ်စုမှ လူ ၅ ဦးလုံး သေဆုံးခဲ့ခြင်း ဖြစ်သည်။

“မနေ့က ၁၂ နာရီ ၁ နာရီလောက်ကတည်းကနေ စရွာတာ မနက်ထိဘဲ။ မိုးကအရမ်းကြီးတော့ မြေပြိုလို့ ဆုံးသွားတယ်။ မနက် ထမင်းစားနေတဲ့အချိန်ဖြစ်တာ။ မိသားစု နှစ်စုလုံး ဆုံးသွားတယ်” ဟု ဂျေယန့် ဒုက္ခသည်စခန်းမှ ကျန်းမာရေးမှူး ဆရာတူးဂျာက ပြောသည်။

သေဆုံးသွားသူများမှာ ဒေါ်မခေါ်ရွယ် (အသက် ၅၆နှစ်)၊ မောင်လဖန် လတောင် (အသက် ၁၅ နှစ် )၊ မောင်လဖန် တူးရိန်တို့ (အသက် ၁၃ နှစ်)နှင့် အခြား မိသားစုတစုမှ ဒေါ်လထော်ဘောက်မိုင် (အသက် ၃၅ နှစ်)၊ ဂျန်မော်နော်လတ် (အသက် ၄ နှစ်အရွယ်) တို့ သေဆုံးခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ပေါ်ဆယ် (Pau Se) ကျေးရွာနှင့် ဂျာအိန်ယန် (Ja Ing Yang) ကျေးရွာများမှ လာရောက်ခိုလှုံနေသူများဖြစ်ပြီး ၎င်းတို့ကို မြေပြိုမှု ဖြစ်ပွားပြီး ချက်ချင်း မြေတူးထုတ်ယူခဲ့သော်လည်း မြေပိမှု များပြားသဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သွပ်မိုး၊ သုံးထပ်သား၊ ဝါးထရံတို့ဖြင့် နံရံကာထားသော နေအိမ်များ ဖြစ်သည်ဟု ဆိုသည်။ ဂျေယန့်ဒုက္ခသည် စခန်းတွင် စစ်ပြေးဒုက္ခသည် အများဆုံး ခိုလှုံနေပြီး လူပေါင်း ၈၀၀၀ ကျော် နေထိုင်နေပြီး တောင်မြင့်မားခြင်း မရှိသော်လည်း တောင်အောက်ခြေတွင် တည်ဆောက်ထားခြင်းကြောင့် မြေပြိုမှု ဖြစ်ပွားကာ လူ ၅ ဦးသေဆုံးခဲ့ရသည်ဟု KIO ၏ ဒုက္ခသည်များ စောင့်ရှောင်ရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။

ထိုသို့ မြေပြိုမှု ဖြစ်ပွားခြင်းမှာ ပထမဦးဆုံးဖြစ်ကြောင်း လက်ရှိ KIO ထိန်းချုပ်နယ်မြေတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၈၀၀၀၀ ကျော် ရှိနေသည်ဟု သူက ပြောသည်။

Most read this week