ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်

ရခိုင်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံ ငပလီတွင် ကျင်းပမည်
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ၏ ပထမဆုံးအကြိမ်ပါတီညီလာခံကို လာမည့် ၂၀၁၄ စက်တင်ဘာလ နောက်ဆုံးပတ်တွင် သံတွဲမြို့နယ် ငပလီကမ်းခြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်များက ဇူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ရခိုင်အမျိုးသားပါတီ ညီလာခံကို သံတွဲမြို့နယ် ငပလီကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ(၂၅)ရက်မှ (၂၉)ရက်နေ့ထိ ငါးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဟု ရန်ကုန်တွင် (၂) ရက်ကြာ ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

“ရခိုင်အမျိုးသားပါတီရဲ့ ပထမအကြိမ် ပါတီညီလာခံကို သံတွဲမြို့နယ် ငပလီမှာ ကျင်းပသွားမယ်။ ကျင်းပမယ့်ရက်ကတော့ စက်တင်ဘာ(၂၅)ရက်ကနေ (၂၉)ရက်နေ့ထိ ငါးရက်တိုင်တိုင် ကျင်းပသွားဖို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

သို့သော် ငပလီတွင် ပုဒ်မ ၁၄၄ ရှိနေသေးသဖြင့် ညီလာခံကျင်းပရန် အဆင်မပြေပါက တောင်ကုတ်မြို့တွင် ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ဦးအေးသာအောင်က ဆက်ဆိုသည်။

“တကယ်လို့ ငပလီမှာလုပ်ဖို့ အဆင်မပြေခဲ့ရင် အရံသဘောနဲ့ တောင်ကုတ်မြို့ကို ရွေးချယ်ထားပါတယ်။ နေရာအတိအကျတော့ မသတ်မှတ်ရသေးဘူး” ဟုဆိုသည်။

အဆိုပါ ညီလာခံကျင်းပနိုင်ရေးအတွက် အဖွဲ့ဝင်(၁၂)ဦးပါဝင်သော လုပ်ငန်းကော်မတီ တစ်ရပ်ကို ဗဟိုကော်မတီအစည်းအဝေးတွင် ယနေ့ ဖွဲ့စည်းခဲ့ပြီး ညီလာခံကျင်းပရေး တာဝန်များကို ယင်းကော်မတီအား ပါတီမှ တာဝန်လွွှဲအပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် (၂၁)ဦးတက်ရောက်ခဲ့သည့် ဗဟိုကော်မတီဝင်အစည်းအဝေးကို ရန်ကုန်တွင် ဇူလိူင်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ထိ  နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး ထိုအစည်းအဝေးမှညီလာခံ ကျင်းပရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို အဓိကထား ချမှတ်ခဲ့ကြသည်။

ယင်းညီလာခံတွင် ပါတီ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ပါတီ ထိပ်တန်းခေါင်းဆောင်များကို ရွှေးချယ်သွားမည် ဖြစ်ပြီး ပါတီဖွဲ့စည်းပုံနှင့် ပေါ်လစီပိုင်းဆိုင်ရာ ကိစ္စရပ်များ အပါအဝင်၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်များရွှေးချယ်ရေးအတွက်ကိုလည်း အလေးပေးဆွးနွေးသွားမည်ဟု သိရသည်။

Most read this week