အစိုးရလိုလားသူအချို့ မောင်တောမြို့နယ်တွင် သတ်ဖြတ်ခံနေရ

အစိုးရလိုလားသူအချို့ မောင်တောမြို့နယ်တွင် သတ်ဖြတ်ခံနေရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် ဒေသအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်နေသူ ဘင်္ဂလီလူမျိုး ကျေးရွာလူကြီး အချို့ကို ဒေသအတွင်းမှ ဘင်္ဂလီ အဖွဲ့တစ်ခုက လိုက်လံ ရှင်းလင်း သတ်ဖြတ်မူများ ပြုလုပ်နေသည်ဟု သတင်း ရရှိသည်။

ယခုလ (ဇူလိူင်လ) ၁၆ ရက်နေ့က မောင်တောမြို့ အုပ်ချုပ်ရေးမှူးရုံးသိုု့ လစဉ် အစည်းအဝေး တက်ရောက်ရန် မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လာရောက်သူ မောင်တောမြို့နယ် တောင်ပိုင်း သပြေတောကျေးရွာ အုပ်စုု တာဝန်ခံ ဇီယာဘူရာမန်အား အမည်မသိ ဘင်္ဂလီ အုပ်စုတစ်စုမှ ဓါးများဖြင့် ခုတ်သတ်ပစ်ခဲ့သည်ဟု သိရသည်။

သပြေတောကျေးရွာအုပ်စုု တာဝန်ခံ ဇီယာဘူရာမန်သည် ၎င်းအဖေါ်တစ်ဦးဖြစ်သူနှင့် အတူ ဆိုင်ကယ်စီး၍ လာစဉ် ကျောင်းတောင်ကျေးရွာအနီး ရွာပြင်တွင် အသင့်စောင့်ဆိုင်းနေသော လူခုနှစ်ဦးခန့်က ၀ိုင်းဝန်းပြီး ဓါးများဖြင့် ခုုတ်သတ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

“ အသတ်ခံရတာက မှန်တယ်ဗျာ။ ဒါက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နယ်မြေထဲမှာ ဖြစ်ပွားတာမို့ အသေးစိတ်တော့ ကျနော်တို့ မသိရှိဘူးခင်ဗျား။ ဖြစ်ပွားတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်ခင်ဗျား” ဟု မောင်တောမြို့နယ် ရဲစခန်းမှူးက ပြောသည်။

သပြေတောကျေးရွာမှအုပ်စုု တာဝန်ခံ ဇီယာဘူရာမန်အတူ လိုက်ပါလာသူမှာ အသက်မသေဘဲ ထွက်ပြေး လွှတ်မြောက်သွားသည်ဟု သိသည်။ ယခုအခါ ယင်းမူခင်းနှင့် ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ကွင်းဆင်း စစ်ဆေးမူများ ပြုလုပ်နေသည်ဟု ဆိုသည်။

အလားတူ ယခုနှစ်မေလ (၃) ရက်နေ့ကလည်း မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ဘင်္ဂလီ ကျေးရွာမှ အုပ်ချုပ်ရေးမှူးမှာ သူ၏ ကိုယ်ဝန်ရှိ ဇနီးသည် အပါအဝင် နောက်ထပ် ဘင်္ဂလီအမျိုးသား (၂) ဦးနှင့် အတူ သတ်ဖြတ်ခံခဲ့ရသည်။

ယင်းသတ်ဖြတ်မူအား အမည်မသိ ဘင်္ဂလီ အကြမ်းဖက်အဖွဲ့တစ်ခုမှ ကျူးလွန်ခြင်း ဖြစ်ပြီး ၎င်းဖြစ်စဉ်တွင် လူ (၄) ဦး သေဆုံးပြီး ရွာသား ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ် ဇွန်လ ဒုတိယအပတ်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ကံပူး ဘင်္ဂလီရွာက မူဆလင် အုပ်ချုပ်ရေးမှူးကို ယင်းကျေးရွာမှ တစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်။

ယင်းကျေးရွာအုပ်ချုပ်ရေးမှူးမှာ သတ်ဖြတ်မူမှ လွှတ်မြောက်ခဲ့ပြီး ၎င်းဖြစ်စဉ်တွင် ဘင်္ဂလီလူမျိုး (၁၁) ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခဲ့သည်ဟု သိရသည်။

Most read this week