တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပနေ

တစ်နိုင်ငံလုံး အပစ်ရပ်ရေး KNU အရေးပေါ် အစည်းအဝေး စတင်ကျင်းပနေ
by -
ကေအဲန်ဂျီ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောထားများရယူရန် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်နေ့ က ကရင်ပြည်နယ် ဘားအံခရိုင် KNU ဗဟိုဌာနချုပ် တပ်မဟာ ရ နယ်မြေ လောခီးလာတွင် စတင်ကျင်းပနေသည်ဟု KNU ဗဟိုပြန်ကြားရေး တာဝန်ခံ ပဒိုစောလှထွန်းက ပြောသည်။

“တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံမဲ့ ထိပ်သီးအစည်းအဝေးမှာ တဖွဲ့ချင်း ယူသွားရမဲ့ အမြင်သဘော ထားတွေ ယူသွားဖို့၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ ယူသွားရမဲ့ သဘောထားတွေ ဆုံးဖြတ်ဖို့ ရှိတယ်” ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် KNU ၏ ဆောင်ရွက်နေမှုများ၊ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်က သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမှု အခြေအနေများကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း သူက ဆိုသည်။

ထို့ပြင် လာမည့် ဇူလိုင်လ ၂၄ မှ ၂၆ ရက်နေ့ထိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပမည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အမြင်သဘောထားများကို ဆွေးနွေး ဆုံးဖြတ်မည် ဖြစ်ကြောင်း ပဒိုစောလှထွန်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က KNU ခေါင်းဆောင်များနှင့် သမ္မတ ဦးသိန်းစီန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံ၍ လာမည့်သြဂုတ်လတွင် တစ်နိုင်ငံလုံး အပစ်အခတ် လက်မှတ်ထိုးရန် သဘောတူခဲ့သည်။

KNU ဥက္ကဌ အပါအဝင် ဗဟိုကော်မတီဝင်များနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ စုစုပေါင်း ၃၅ ဦး တက်ရောက် ဆွေးနွေးနေကာ ၄င်းအရေးပေါ်အစည်းအဝေးကို ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး လိုင်ဇာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များကိုလည်း ရွေးချယ်သွားမည် ဖြစ်ကြောင်း
သိရသည်။

KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီး တိုင်းရင်းသား အဖွဲ့အစည်း ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တွင် ပါဝင်
ဆွေးနွေးနေသည်။

Most read this week