အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို

အစိုးရတပ် ဖမ်းဆီးထားသော အရာရှိနှစ်ဦးအား လွှတ်ပေးရန် KIO တောင်းဆို
by -
ကေအဲန်ဂျီ

အစိုးရတပ်များ လက်ရှိဖမ်းဆီးထားသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၆) မှ အရာရှိနှစ်ဦးအား ပြန်လည်အပ်နှံပေးရန် လိုင်ဇာဗဟိုဌာနချုပ်မှ တရားဝင် တောင်းဆိုထားကြောင်း သိရပါသည်။

ဇူလိုင် ၅ ရက် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနာတွင် ပြုလုပ်ခဲ့သည့် အစိုးရတပ်နှင့် KIA နှစ်ဖက်ကိုယ်စား လှယ်များ ပါဝင်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ’ ၏ လစဉ်အစည်းဝေးတွင် အဖမ်းခံ KIA အရာရှိနှစ်ဦးအား ပြန်လည် အပ်နှံပေးရန် တင်ပြခဲ့ကြောင်း KIA ဘက်မှ ကော်မတီဝင်တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီး နော်ဘို က ပြောပါသည်။

ကပ်မှော်ဇွပ်တိုက်နယ်မှူး ဆလန်ကဘား ဖုတ်ဂျန်ဇေလွမ်း (Skb Hpukjang Ze Lum) အား ပစ္စတိုတစ်လက် နှင့်အတူ ကားအပါအဝင် နမ်ယာ နှင့် ကပ်မှော်ဇွမ်ကြား၊ ဇွန်လ (၂၈) ရက်နေ့ အစိုးရတပ် တပ်မ (၆၆) လက်အောက် ခမရ-၁၁၀ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လုံးလုံအခြေစိုက် ဗျူဟာမှူး ရာဇာမင်းထွန်း၏ ညွန်ကြားချက်အရ ဗိုလ်မဂျီဘရန်ဆိုင်း (Du Maji Brang Seng) ကိုလည်း ပစ္စတိုတစ်လက်နှင့်တကွ ဇွန် ၃၀ ရက်နေ့ ကားမိုင်းသို့အပြန် မိုးညှင်းမြို့နယ် လုံးတုံကျေးရွာအုပ်စု မပင် ကျေးရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း KIA တပ်ရင်း (၆) သတင်းရပ်ကွက်မှ သိရှိရပါသည်။

ဗိုလ်မဂျီဘရန်ဆိုင်းသည် တပ်ရင်း (၆) KIA စစ်တပ်မှ ခွင့် (၃) လ ဖြင့် မိမိအိမ်သို့အပြန်တွင် အစိုးရတပ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညှင်းပန်းနှိပ်စက်မူများလည်း ပြုလုပ်ခဲ့ကြကြောင်း ဆက်လက်သိရပါသည်။

အစိုးရတပ်များ ညှင်းပန်းနှိပ်စက်ရိုက်နှက်မှုဒဏ်ကြောင့် ဗိုလ်မဂျီဘရန်ဆိုင်းသည် ပြီးခဲ့သည့် ဇွန်လနောက်ဆုံး ပတ် အတွင်း ရဲများစောင့်ကြည့်မှုအောက် မြစ်ကြီးနားဆေးရုံတက်နေရကြောင်း စုံစမ်းသိရပါသည်။

မြစ်ကြီးနားဆေးရုံသတင်းရပ်ကွက်အရ ဗိုလ်မဂျီဘရန်ဆိုင်းဆိုသူသည်၊ ၄င်း၏ လက်ယာဘက်လက်မောင်း ရိုက်ချိုးခံထားရပြီး၊ ဘယ်ဘက်ပေါင်တွင်လည်း သေနတ်ဒဏ်ရာဖြင့် ကျိုးသွားသည့် အခြေအနေတွေ့ရ ကြောင်း သိရပါသည်။

၄င်းအရာရှိကို အစပိုင်းတွင် ဟိုပင်ဆေးရုံ၌သွားပြကြည့်ရာ ထိုနေရာတွင် ဆရာဝန်များမရှိသောကြောင့် မြစ်ကြီးနားဆေးရုံသို့ ပြန်ရွေ့ခဲ့ရခြင်းဖြစ်သည်ဟုလည်း ဆေးရုံသတင်းမှသိရှိရသည်။

အဆိုပါ ဖမ်းဆီးနှိပ်စက်မှုများနှင့်ပတ်သက်၍ KIO ဖက်မှ စိုးရိမ်မကင်းဖြစ်နေပြီး လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သော်လည်း ဇူလိုင် ၁၁ ရက်၊ သောကြာနေ့ထိ ၄င်း KIA အရာရှိနှစ်ဦးအား ပြန််လည်အပ်နှံပေးခြင်း မရှိသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘို မှတဆင့် သိရှိိရပါသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်များကြားဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် နှစ်ဖက်သော ညှိနှိုင်းရေးအဖွဲ့များက တွေ့ဆုံမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တင်းမာမှုများလျှော့ ကျသွားခြင်းမရှိသည့်အပြင် အစိုးရတပ်မှ KIA တပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ဆက်တိုက်ပြန်လည်ဖြစ်ပွား နေကြောင်း စုံစမ်းသိရှရသည်။

Most read this week