မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

မင်းပြားမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြား မြို့ပေါ် ရပ်ကွက် တစ်ခုမှ အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ ညဉ့်က မီးရှို့ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့်ရုံးမှာ မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဖြစ်သည်။

အောက်ရွာပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကျော်သိန်းမောင်က မီးရှ်ို့ခံရသည်မှာ ဟုတ်မှန်ကြောင်း နိရဥ္စရာသို့ အတည်ပြု ပြောဆိုသည်။

“ မီးလောင်တာက ညဉ့် ၁၂ နာရီ ကျော်လောက်မှာပါ။ မသမာတဲ့ လူအချို့က ရှို့တဲ့ သဘောမျိုးလို့ ယူဆပါတယ်။ ဘာကြောင့် ရှို့တယ်။  ဘယ်သူက ရှို့တယ်။ နောက်ကွယ်မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာကိုတော့ ကျနော်လည်း မပြောတတ်ဘူး။ ခန့်မှန်းရခက်နေပါတယ်” ဟု ဆိုသည်။

ယခု မီးမှာ ပေါ့ဆမီး လုံးဝမဖြစ်နိုင်ကြောင်း၊ ရှို့မီးသာ ဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့် ရိုးရိုးတန်းတန်း မီးလောင် ကျွမ်းခြင်းမျိုး မဟုတ်ကြောင်း၊ ယခုဖြစ်ရပ်မှာ တရားဥပဒေ စိုးမိုးမှု အားနည်း၍ ဖြစ်ကြောင်း အောက်ရွာပိုင်း ရပ်ကွက်နေ မင်းပြားလူမှုကွန်ယက် ဥက္ကဌ ကိုခင်ဇော်ဝင်းက ပြောသည်။

“ ယခု မီးရှို့မူဟာ တရားဥပဒေ စိုးမိုးမှု အားနည်းလို့ ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။ အခုဖြစ်စဉ်မှာအုပ်ချုပ် ရေး မှူးကို မကျေနပ်တဲ့လူတွေက ဆဲကြ၊ ဆိုကြတာတွေ ရှိခဲ့တယ်။ ဒါကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ မြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဘာတစ်ခုမှ ၀င်ရောက် ဖြေရှင် ပေးတာလည်းမရှိဘူး။ ဒီတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို မကျေနပ်တဲ့သူတွေက အတင့်ရဲလာကြတယ်။ နောက်ဆုံးတော့ ရုံးကို မီးရှို့တဲ့ အဆင့်ထိ ရောက်လာတာ ဖြစ်ပါတယ် ” ဟု သူက ဆိုသည်။

အုပ်ချုပ်ရေးမှူးရုံး မီးစတင်လောင်ကျွမ်းပုံကိုလည်း သူက ယခုလို ဆက်ပြောသည်။

“ မီးက ညဉ့် ၁၂ နာရီ ၂၀ မိနစ်လောက်မှာ စတင်လောင်တယ်လို့ ထင်တယ်။ ဘယ်သူ မီးရှိုု့တယ် ဆိုတာကို လည်း တိတိကျကျ မသိကြသေးပါဘူး။ ကျနော်တို့ ရောက်သွားချိန်မှာ ၁၂ နာရီ ၃၅ မိနစ် ရှိပြီ။ မီးကအကုန် လုံးနီးပါး လောင်ကျွမ်းနေပြီ။  မီးသတ်ကားလည်း အချိန်မီရောက်မလာဘူး။ မီးသတ်ဌာနကိုဖုန်းဆက်လို့ လည်း မရဘူး။ နောက်တော့ ကျနော်တို့ကို်ယ်တိုင် ဆိုင်ကယ်နဲ့ သွားခေါ်ရပါတယ်။  ပြီးမှ မီးသတ်ကား ရောက်လာတယ်။ ရောက်လာချိန်မှာ ၁၂ နာရီ ၄၅ မိနစ်ရှိပြီဆိုတော့ မီးကလည်း ငြိမ်းသွားပါပြီ” ဟုပြောသည်။

မင်းပြားမြို့နယ် မီးသတ်ဦးစီးမှူး ဦးစံထွန်းအား မီးသတ်ကား နောက်ကျရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ဆက်သွယ်ရာ ဖုန်းကိုင်ပြီးနောက် ချက်ချင်းချသွားခဲ့ပြီး နောက်ထပ် အကြိမ်ကြိမ်ခေါ်သော်လည်း ဖုံးမကိုင်တော့သဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ယခု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မူမှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်လည်း တစ်ကြိမ် မီးလောင်ခဲ့ဖူးသည်ဟု သိရသည်။ ယခင် လောင်ကျွမ်းခဲ့စဉ်က လမ်းသွားလမ်းလာများ မြင်၍ ချက်ချင်း မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် အနည်းငယ်သာ ပျက်စီးခဲ့သည်ဟု ဆိုသည်။

ယခု မီးရှို့မူ ဖြစ်စဉ်နှင့်ပတ်သက်၍  အောက်ရွာပိုင်း အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမောင်မှ မင်းပြား မြို့ရဲစန်းတွင် အမှုဖွင့်တိုင်ကြားထားသည်။

Most read this week