ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား၈၀ကျော် ဖမ်းဆီးထား

ဆီဆိုင်မြို့နယ်တွင် စစ်တပ်က ရွာသူကြီးကိုသတ်၍ ရွာသား၈၀ကျော် ဖမ်းဆီးထား
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ မြန်မာစစ်အစိုးရတပ်က ကျေးရွာ သူကြီးကို သတ်ပြီး ရွာသား (၈၀) ကျော် ဖမ်းဆီး စစ်ဆေးနေသည်ဟု ဒေသခံရွာသားတယောက်က ပြောသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့နှင့် ကရင်တပ်မတော် ပူးပေါင်း တပ်ဖွဲ့တို့က ...

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ မြန်မာစစ်အစိုးရတပ်က ကျေးရွာ သူကြီးကို သတ်ပြီး ရွာသား (၈၀) ကျော် ဖမ်းဆီး စစ်ဆေးနေသည်ဟု ဒေသခံရွာသားတယောက်က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့နှင့် ကရင်တပ်မတော်ပူးပေါင်းတပ်ဖွဲ့တို့က ခြေမြန်တပ်ရင်း ၄၂၆ ကို ခြံုခို တိုက်ခိုက်ပြီးသည့်နောက် ယခုလို သတ်ဖြတ်ဖမ်းဆီး ခြင်းသည်။

“ကျနော်တို့ရွာက နောင်တဗန်ရွာနဲ့ စောဆားရွာပေါ့နော် ကျနော်တို့ ရွာသူကြီးနာမည် ကတော့ ဦးကျော်ဗဲ့ပေါ့ ရွာရဲ့အနောက်ဖက် တောင်ကုန်းပေါ်မှာ ဗမာစစ်တပ်က ပစ်သတ် သွားတယ်လေ။ ပြီးတော့မှ ကျနော်တို့ ရွာသား နောင်တဗန်ကျေးရွာ ပြီးတော့ စောဆား ရွာသား ၈၀ ကျော်ကိုလည်း အဲဒီ ခမရ ၄၂၅ ပေါ့နော် တပ်ရင်းက ရွာသားတွေကို ဖမ်းထား ပြီးတော့မှ သူတို့က ရိုက်နှက်တယ်။ ကျနော်တို့ရွာသားတွေဆို တချို့သွေးတွေအန်တယ်။ အခုထိ ဘုန်းကြီးကျောင်းမှာပဲ ဖမ်းထားဆဲပဲ ရှိသေးတယ်အခု။ ” ဟု ဒေသခံ ရွာသား တဦး က ပြောသည်။

မြန်မာစစ်အစိုးရ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ရ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းကို ပအိုဝ်းနှင့် ကရင် ပူးပေါင်းတပ်ဖွဲ့က ခြံုခိုတိုက်ခိုက်သဖြင့် ဗိုလ်မှူး မျိုးမင်းထွန်း အပါအဝင် အင်အား ၁၂ ကျဆုံးပြီး လက်နက်များကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ သတင်း ထုတ်ပြန်သည်။

ယင်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် တရက်အကြာတွင် ရပခ ဒုတိုင်းမှူးက လာရောက်စစ်ဆေး ပြီးနောက် ခမရ ၄၂၅ က တိုက်ပွဲဖြစ်ပွားသည့် အနီးရှိ ကျေးရွာသူကြီးကို ဖမ်းဆီးသတ်ဖြတ် ကာ ကျေးရွာသား ၈၀ ကျော်ကိုလည်း ဖမ်ဆီးပြီး ရိုက်နှက်စစ်ဆေးမှု ပြုလုပ်နေသည်ဟု အဆိုပါရွာသားက ပြောသည်။

“ကျနော်တို့ ရွာသားတွေမှာတော့ အပြစ်ကင်းပြီးတော့မှ လက်နက်ကိုင်လည်း မရှိဘူး။ ပြီးတော့မှ ရိုးရိုးစားသောက်လုပ်ကိုင်နေတဲ့ လူတွေလည်းဖြစ်တယ်။ သူတို့စစ်အစိုးရ မကောင်းတာတွေ လုပ်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ ဒီပအိုဝ်းစစ်တပ်အဖွဲ့က သူတို့ကို တိုက်တာဖြစ်တယ်။ သူတို့ မကောင်းတာ လုပ်တဲ့အတွက်ကြောင့်ပေါ့နော်။ ဒါပေမယ့်လည်း ကျနော်တို့နဲ့ မဆိုင်ဘူး။ အဲဒီဥစ္စာ ကျတော့ ကျနော်တို့ကပဲ သူတို့တိုက်တာကို ကြားထဲမှာ ကျနော်တို့က ဓားစာခံဖြစ်နေရတဲ့ အခြေအနေမျိုး ဖြစ်နေလို့ ကျနော်တို့ တခြား အဖွဲ့အစည်းကိုလည်း အပြစ်မတင်ဘူး သို့သော်လည်း ပဲ စစ်အစိုးရ ဒီလိုမျိုးလုပ်တာ ကျနော်တို့ရဲ့လူထုအပေါ်မှာ ညှင်းပမ်းနှိပ်စက်တာလို့ပဲ ကျနော်တို့ မြင်တယ်ဗျ။”

ယခုတိုက်ပွဲဖြစ်ပွားမှုကြောင့် စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ်မျိုးအေးက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်အား ၎င်းတို့ အုပ်ချုပ်ပိုင်ခွင့်ဒေသကို မထိန်းထားနိုင်လျှင် ပြန်လည်ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။  
 

Most read this week