DKBA တပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ

DKBA တပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ
by -
ဇော်ကြီး
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ တလနီးပါးခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဝေါလေခီး စခန်းမှ DKBA တပ်များ ပြန်လည် ဆုတ်ခွာနေ ...

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ တလနီးပါးခန့် ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဝေါလေခီး စခန်းမှ DKBA တပ်များ ပြန်လည် ဆုတ်ခွာနေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ၊ KNLA တပ်ရင်း ၂၀၁ အခြေစိုက် ဝေါလေခီးစခန်းအား DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါထိုစခန်းမှ DKBA တပ်များ တဖြည်းဖြည်းချင်း ဆုတ်ခွာလျှက်ရှိသည်ဟု DKBA နှင့် နီးစပ်သူ တဦးက ယခုလို ပြောသည်။

“ပြန်ဆုတ်သွားပြီ။ မနေ့ကပဲပြန်ဆုတ်သွားတာ။ အဲဒီစခန်း(ပင်မစခန်း)ထဲမှာတော့ လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် စခန်းနဲ့ အနီးအနားမှာတော့ ရှိနေတာပေ့ါ။ ရုတ်တရက် ဆုတ်သွား တာတော့ မဟုတ်ဖူးပေ့ါ။ ဖြည်းဖြည်းဆုတ်သွားတာပေ့ါ။”

DKBA အနေနှင့် ဝေါလေခီးစခန်းအား သိမ်းပိုက်ပြီးသော်လည်း ဌာနချုပ်မှစားနပ်ရိက္ခာ ထောက်ပန့်မှု အားနည်းခြင်း၊ လူအင်အားမဖြည့်နိုင်ခြင်းတို့ကြောင့် စခန်းထိုင်၍ မရနိုင်ဟု ၎င်းက ဆက်ပြောသည်။

“စခန်းထိုင်လို့မရဘူး။ အနောက်လိုက်အင်အားမကောင်းလို့ပြန်ဆုတ်ကုန်ပြီ။ အနောက် လိုက်အင်အား ဆိုတာ ရိက္ခာပို့ဆောင်တဲ့နေရာမှာလျော့နည်းမှု၊ နောက်ပြီး ရွှေ့ပြောင်းလိုတဲ့ အင်အားလျော့နည်းမှု၊ လိုအပ်တာကိုပို့ဖို့ လျော့နည်းမှု၊ နောက်တခုက အခု ကေအင်ယူရဲ့ အဲဒီစခန်းကမြေမြုပ်မိုင်းတွေ ထိပြီး တော့၊ ထိသွားတဲ့ ရဲဘော်တွေရဲ့ အဲဒီလူနာတွေရဲ့ အင်အားတွေကို အခုပြန်လှည်ပြီးတော့ ပြုစုရတဲ့ အတွက်ကြောင့်မို့ အခုဒီစခန်းမှာ ကြာကြာ နေလို့ မဖြစ်တော့ဘူးလေ။”

ဝေါလေခီးစခန်းအားမိမိတို့ဖက်မှ ဆုတ်ခွာပေးပြီးနောက် DKBA တပ်များအနေနှင့် ပင်မစခန်းထဲသို့ ၀င်ရောက် နိုင်ခြင်းမရှိသေးပဲ ပင်မစခန်း အနီးဝန်းကျင်၌သာ နေရာယူထား နိုင်ခဲ့သည်ဟု KNLA ၂၀၁ ဒုတပ်ရင်းမှူး ဗိုလ်ကြီး စောဘူးဖောက ယခုလို ပြောသည်။

“လောလောဆယ်တော့ သူတို့စခန်းတွေ ချထားတယ်။ ကျနော်တို့နေတဲ့ စခန်းမှာမဟုတ်ဖူးနော်၊ အတွင်းထဲမှာ မဟုတ်ဖူးပေ့ါ။ အဲဒီနားတဝိုက်မှာတော့ လာနေတယ်။”

လောလောဆယ် နှစ်ဘက်ပစ်ခတ်မှုများ မရှိသော်လည်း KNLA တပ်ရင်း၂၀၁ ၏ ရွှေ့ပြောင်းသည့် နေရာသည် ဝေါလေခီး စခန်း၏ အမြင့်ပိုင်းတွင်တည်ရှိနေပြီး ပင်မစခန်းတွင်း၌ လက်ကျန် မြေမြုပ်မိုင်းတချို့ ကျန်ရှိနေသဖြင့် DKBA အနေနှင့် ပင်မစခန်းတွင်း ၀င်ရောက်ရန် ခက်ခဲနိုင်သည်ဟု ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်။

“အဲဒီ စခန်းမကြီးထဲကိုသူတို့ ၀င်လာလို့ရှိရင် ဒီက အပေါ်ပိုင်းမှာရှိတဲ့သူတွေက လှမ်းပစ်မှာ ဆိုတော့ ဟိုပြေးဒီပြေးဆို သူတို့ဗုံးကျင်းမှာပဲ နေရာပြေးယူရမှာ။ ဗုံးကိုအေးဆေးရှင်းလို့ ရမယ့်နေရာမျိုးမှ မဟုတ်တာ။ ဗုံးကိုအေးဆေးရှင်းမယ်ဆိုလို့ရှိရင် ညပဲဝင်ဝင်၊ နေ့ပဲဝင်ဝင် ဒီဖက်က အပေါ်ကနေ လှမ်းပစ်ရင် သူဗုံးထိမှာပဲ။ ဒီစခန်းက ကိုယ့်ဟာကိုယ်တောင် ပြန်ဝင် ရှင်းရင် ပြန်ဝင်ထိုင်ရင်တောင်မှ တော်တော် သတိထားရမယ်။”

ယမန်နှစ်ဇွန်လကုန်ပိုင်းက ဒီကေဘီအေနှင့် မြန်မာ အစိုးရပူးပေါင်းတပ်တို့ ဝေါလေခီးစခန်း အား ၂ ရက် ကြာမျှသိမ်းပိုက်ထားသည်ကို ကေအဲန်ယူက ပြန်လည်ရယူနိုင်ခဲ့ပြီး ယခင် လကုန်ပိုင်းက ဒုတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတွင်းသို့ အခြေချ နေထိုင်နိုင်ခြင်း မရှိသေးချေ။

Most read this week