ကိုယ်ထူကိုယ်ထဖေါက်လုပ်ထားသော ပေါက်တောမြို့နိဗ္ဗာန်လမ်း စည်ပင်နှင့် ကျောက်တူးကားများကြောင့့် ပျက်စီး

ကိုယ်ထူကိုယ်ထဖေါက်လုပ်ထားသော ပေါက်တောမြို့နိဗ္ဗာန်လမ်း စည်ပင်နှင့် ကျောက်တူးကားများကြောင့့် ပျက်စီး
by -
နိရဥ္စရာ

လူထု၏ ထည့်ဝင်ငွေဖြင့် ဖေါက်လုပ်တည်ဆောက်ထားသော ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ နိဗ္ဗာန်လမ်းမှာ စည်ပင်မှ ကားများနှင့် ကျောက်တူးကားကြီးများ ဖြတ်သန်းသွားလာမူကြောင့် အသုဘပို့ရန် သွားလာ၍ မရအောင်ထိ ပျက်စီးနေကြောင်း သတင်းရရှိသည်။

ယင်းလမ်းကို လွန်ခဲ့သော ၂၀၁၃ ခုနှစ်က အောင်သစ္စာကျောင်းတိုက်ကို ကိုးကွယ်နေသောဒေသခံပြည်သူ များ မှ ဦးဆောင်ကာ အနီးအနားရှိ ဘုန်းတော်ကြီးကျောင်းများကို ကိုးကွယ်နေသူများ၏ ပါဝင် ကူညီမှုဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင်တည်ဆောက်ခဲ့ကြောင်း သိရသည်။

Arakan-road

“မိုးစရွာကတည်းက သွားမရလောက်အောင်ဖြစ်သွားတာလေ။ အရင်တုန်းကဒီလောက်မဆိုးဘူး။ သုဿ     န်နားကတောင်မှာ ဘတ်ဖိုးကားကြီးတွေနဲ့ကျောက်တူးနေတယ်။ လမ်းကို ဖြတ်သွား ဖြတ်လာ လုပ်တော့ လမ်းကပျက်စီးသွားတယ်။ နောက်ပြီး စည်ပင်က ကျောက်သယ်ကားကြီးတွေက နေ့စဉ်နဲ့ အမျှ ဒီလမ်းပေါ်က ဖြတ်ပြီး ကျောက်သယ်တယ်။ ဒါနဲ့လမ်းကပျက်ရော” ဟု ပေါက်တောမြို့ နာရေးကူညီမှုအသင်းမှ ဦးကျော်ဝင်းက နိရဥ္စရာသို့ ပြောသည်။

လမ်းပျက်စီးသွားသဖြင့် နာရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲရှိနေပုံကို သူကဆက်လက် ရှင်းပြသည်။

“မိုးနည်းနည်းလောက်ရွာရင် ဒီလမ်းမှာကားတွေ၊ ဆိုက်ကယ်တွေ၊ ဆိုက္ကားတွေသွားလို့ မရတော့ဘူး။အသုဘ သွားပို့တဲ့သူတွေ တော်တော်အခက်အခဲဖြစ်တယ်။ ကားတွေ ဘီးကျွံတယ်။လူတွေလည်း သွားလာလို့မရဘူး၊ ဇရပ်အလွန်က လမ်းပိုင်းဆိုရင် ကျိုးကျသွားပြီး နွံတွေထူုနေပြီ။ အသုဘရှိလို့ဘုန်ကြီးသွားပင့်ရင် ဒီလမ်းက သွားပင့် ရတယ်လေ။ လမ်းပျက်တော့ဆရာတော်တွေလည်း အခက်အခဲဖြစ်တယ်။ တကယ် စိတ်မချမ်းသာ စရာပဲ” ဟု ဆိုသည်။

ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသောလမ်းပေါ်တွင်  မြေတူးဘတ်ဖိုး ကားကြီးများနှင့်ကျောက်သယ် ကား ကြီးများ ဖြတ်သန်းသွားလာမှုကြောင့် တံတားငယ်များ၊ လမ်းများ ကျိုးပျက်သွားခြင်းအား တာဝန်ယူ ဆောင်ရွက်ပေးရန် မြို့နယ်စည်ပင်သို့ သွားရောက် တင်ပြတောင်းဆို ထားကြောင်းအောင်သစ္စာကျောင်းမှ တာကာတစ်ဦးဖြစ်သူ ဦးလှကျော်ဝင်းမှ ဆိုသည်။

“ဒီလမ်းက ကိုယ်ထူကိုယ်ထလုပ်ထားကြတာ။ လမ်းပျက်လို့ စည်ပင်ကို လုပ်ပေးဖို့ တင်ပြထားတာ တစ်ပတ်ကျော် နှစ်ပတ်လောက်ရှိပြီ။ ခုထိတော့ ဘာမှ လုပ်မပေးသေးဘူုး၊လမ်းက မိုးရွာလေပျက်လေပဲ။ ဒီအတိုင်းသာဆိုရင် အသုဘ ချတဲ့သူတွေရော၊ ဝါတွင်းကာလမှာ ဥပုပ်သီလဆောက်တည်မယ့်သူတွေ သွားလာလို့ ရမှာမဟုတ်ဘူး”ဟု သူက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပေါက်တောမြို့နယ် စည်ပင်ကော်မတီသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ကော်မတီဥက္ကဌ ဦးဦးစောလှက ယခုလို ဖြေကြားသည်။

“ကျွန်တော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ ဒီလမ်းမှာ ပိတ်နေတဲ့ မြေစိုင်မြေခဲတွေကို ဖယ်လိုက်မယ်။ ဒီလမ်းကို ကားတွေ၊ သုံးဘီးဆိုင်ကယ်တွေကလည်း မသွားလို့ မဖြစ်တော့ ဆိုက်ကယ်သမားတွေ၊ ကားသမားတွေကို သစ်တွေထုတ်ပေးပြီး တံတားလေးတွလုပ်ပေးမယ်” ဟု ပြောသည်။

အဆိုပါ နိဗ္ဗာန်လမ်းမှာ ပေါက်တောမြို့မှ အသုဘ ပို့ဆောင်သူများသာမက ယင်းလမ်းအနီးအနားရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနေ သံဃာတော်များနှင့် ပေါက်တောမြို့မြောက်ပိုင်းရှိ ရွာတစ်ချို့မှ ရွာသူ ရွာသား များကပါ ပေါက်တောမြို့သို့ လာရောက်ရန် အဓိက အသုံးပြုရသော လမ်းဖြစ်သည်။

Most read this week