အမျိုးသမီးနှင့် ကလေးငယ်အရေး ဆန္ဒပြခေါင်းဆောင် (၄) ဦးကို ခရိုင်ရဲမှူးတရားစွဲဆို

အမျိုးသမီးနှင့် ကလေးငယ်အရေး ဆန္ဒပြခေါင်းဆောင် (၄) ဦးကို ခရိုင်ရဲမှူးတရားစွဲဆို
by -
ခိုနူမ်းထုန်

ဇွန်လ ၂၄ ရက်နေ့က မတူပီအမျိုးသမီးအဖွဲ့ နှင့် မတူပီလူငယ်အဖွဲ့တို့မှ ဦးဆောင်သည့် အမျိုးသမီးနှင့် ကလေးငယ်များ ဘဝလုံခြုံမှုရှိစေရေး ဆန္ဒဖော်ထုတ်ပွဲနဲ့ပါတ်သက်ပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် ရဲမှူး ဦးအောင်မြင့် စိုးက အမျိုးသမီးခေါင်းဆောင်နှစ်ဦးနှင့် လူငယ်ခေါင်းဆောင် နှစ်ဦး တို့ကို တရားစွဲလိုက် သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပါတ်သက်ပြီး အမျိုးသမီးဥက္ကဌ Khin Thluai Par က ” ကျမတို့ (၄)ဦးကို ယမန်နေ့ က  ခရိုင်မှူး ကနေ ခေါ်ယူတယ်၊ ခရိုင်ရဲမှူးက တာဝန်အရ ရဲ ဥပဒေ ပုဒ်မ ၁၈ နဲ့ အမှုလုပ်ဖို့ ပြောတယ်၊ ကျမတို့ နေ့လည် ၁၂ နာရီမှာ မြို့နယ်ပြည်သူ့ရဲရုံးကို သွားတယ်၊ ညနေ ၅းဝဝ အထိကြာ တယ်၊ ယခင်အစိုးရလို ဥပဒေတွေ ဘာတွေနဲ့ ခြိမ်းခြောက်တာတို့ မရှိပါဘူး ” ဟု ခိုနုမ်းသုန်ကို ပြောသည်။

အမျိုးသမီးနှင့် ကလေးငယ်များ ဘဝလုံခြုံမှုရှိစေရေး ဆန္ဒဖော်ထုတ်ပွဲကို  မြို့နယ်အုပ်ချုပ်ရေးဖက်က ခွင့်ပြုချက်မရှိပဲ ပြုလုပ်သဖြင့် ဆန္ဒပြခေါင်းဆောင်များဖြစ်ကြသည့် မတူပီ အမျိုးသမီးအဖွဲ့ ဥက္ကဌ Pi Khin Thlaui Par, Mai ThangZing၊ လူငယ်ခေါင်းဆောင် ဆလိုင်းမောင်းဟန် နှင့် ဆလိုင်း တေမန်းတို့ကို တရားစွဲလိုက်ဖြစ်သည်

”သူတို့ဖက်က ကြည့်ရင် လုပ်ကြမှာပဲလေ၊ နောက်ပတ်မှာပဲ ကျမတို့ကို ရုံးပြန်ချိန်းတယ်ပေါ့၊ အားလုံးပြေ လည်သွားမယ်လို့ ထင်ပါတယ်၊ ခရိုင်ရဲမှူးနဲ့ မြို့နယ်ရဲမှူးတို့ကလည်း ပွင့်လင်းပါတယ်၊ ” ဟု အမျိုးသမီး ဥက္ကဌက ပြော သည်။

ယမန့်နေ့ အမျိုးသမီးခေါင်းဆောင် နှင့် လူငယ်ခေါင်းဆောင်နှစ်ဦးတို့ကို ခေါ်ယူစစ်ဆေးချိန် မတူပီအမျိုး သမီး၊ လူငယ်၊ လူထု ၃၀၀ ခန့်သည် မြို့နယ်ရုံးရှေ့မှ ခေါင်းဆောင် (၄) ဦး ပြန်လည်ထွက်အလာကို နေ့လည် ၁၂းဝဝ မှ ညနေ ၅းဝဝ အထိ ရုံးပတ်ဝန်းကျင် တွင် စိုးရိမ်မှုအပြည့်နှင့်စောင့်ခဲ့ကြသည်ဟု သိရသည်။

“ကျမတို့ အမေ တွေ ဦးလေး တို့ကို ရဲက ထောင်ချလိုက်တာလား၊ ဘယ်လိုလုပ်ကြသလဲ ဆိုပြီး စိုးရိမ်တာ ပေါ့၊ ဒါနဲ့ တနေကုန် ရုံးအပြင်မှာစောင့်နေကြတာ ညနေ ၅းဝဝ နာရီမှာ အန်တီတို့ ရုံးကနေပြန်ထွက်လာ ကြတယ်၊ ကျမ တို့ ၀မ်းသာလိုက်တာ၊ မျက်ရည်တောင် ကျတယ် ” ဟု အမျိုးသမီးငယ် တဦးက ပြောသည်။

ချင်းပြည်နယ်သည် တခြားတိုင်းနှင့် ပြည်နယ်များကဲ့သို့  ဆန္ဒပြမှုများ လုပ်လေ့လုပ်ထမရှိခဲ့သောကြောင့် ပြည်နယ် ၀န်ကြီးချုပ် ကိုယ်တိုင််လည်း ယခုလိုဖြစ်ရပ်မျိုး နောက်နောင် မဖြစ်စေလိုသောကြောင်း ခရိုင်မှူးက  ပြောဆိုခဲ့ကြောင်း သိရသည်။

Most read this week