ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို ပြန်ရုပ်သိမ်းမည်ဟု နအဖ ဗျူဟာမှူး ခြိမ်းခြောက်

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို ပြန်ရုပ်သိမ်းမည်ဟု နအဖ ဗျူဟာမှူး ခြိမ်းခြောက်
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်းရှိ ပအို၀်းအမျိုးသား အဖွဲ့ချုပ်(ပီအဲန်အို)၏ အထူးဒေသ(၆) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို မထိန်းချုပ်နိုင်လျှင် ပြန်ရုပ်သိမ်းမည်ဟု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၇) (စကခ) ဗျူဟာမှူးက ပြောသည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အရာရှိတဦးက ပြော ...

ရှမ်းပြည်တောင်ပိုင်းရှိ ပအို၀်းအမျိုးသား အဖွဲ့ချုပ်(ပီအဲန်အို)၏ အထူးဒေသ(၆) ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသကို မထိန်းချုပ်နိုင်လျှင် ပြန်ရုပ်သိမ်းမည်ဟု စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (၇) (စကခ) ဗျူဟာမှူးက ပြောသည်ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အရာရှိတဦးက ပြောသည်။

ယခု မေလ ၃ ရက်နေ့တွင် ပအိုဝ်းနှင့် ကရင် ပူးပေါင်းတပ်ဖွဲ့တို့သည် စကခ ရ လက်အောက်ခံ ခမရ ၄၂၆ တပ်ရင်းမှ စစ်ကြောင်းတခုကို ခြံုခိုတိုက်ခိုက်ခဲ့ရာ တဖွဲ့လုံး ကျဆုံး သွားပြီးနောက်ပိုင်းတွင် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ယင်းသို့ ပြောလာသည်ဟု ပီအဲန်အို အရာရှိတဦးက ပြောသည်။

“အခု သူတို့ ဘယ်လိုစိုးရိမ်နေလဲဆိုတော့ ပအိုဝ်းဒေသတွေမှာ သူတို့ တအားစည်းရုံးနေတယ်လေ။ ၂၀၁၀ နီးကပ်နေပြီဆိုတော့။ သူတို့နည်းပရိယာအမျိုးမျိုး သုံးနိုင်တယ်လေ နော်။ သူတို့ပြောနေတဲ့ စကားကတော့ စကခ (၇) ဗိုလ်မှူးချုပ်မျိုးအေးကလေ သူပြော နေတာကတော့ ဒီပအိုဝ်း(ပီအဲန်အို)တွေက သူတို့ဒေသကို မထိန်းနိုင်ဘူးလား။ အဲလို ပီအဲန်အိုကို ကြိမ်းမောင်းနေတယ်။ မင်းတို့ဒေသကို မထိန်းနိုင်ရင် အဲဒီ အထူးဒေသကို ပြန်ရုပ်သိမ်းဖို့လိုနေပြီ။ အဲလို ခြိမ်းခြောက်လာတယ်။”

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်နှင့် ဘန်းယဉ်ကြားရှိ ကျေးရွာများကို အခွန်လိုက်ကောက် နေသည့် ခြေမြန်တပ်ရင်း ၄၂၆မှ ဗိုလ်မှူး မျိုးမင်းထွန်း ဦးဆောင်သည့် အင်အား ၁၂ ဦး အဖွဲ့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းပြီး ခြံုခိုက်တိုက်ခိုက်ရာ ဗိုလ်မှူး မျိုးမင်းထွန်း အပါအဝင် အားလုံးကျဆုံးပြီး လက်နက်ကြီးငယ် ၁၃ လက်ကို သိမ်းဆည်းရမိသည်ဟု ပီအဲန်အယ်လ်အို က သတင်းထုတ်ပြန်ခဲ့သည်။

ပီအဲန်အို အရာရှိက မေလ ၄ ရက်နေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်ဦးက တိုက်ပွဲဖြစ်ပွားသည့်နေရာကို လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ဟု ပြောသည်။

“အဲဒီနေရာမှာ နအဖ တပ်ရင်းငါးရင်းနဲ့ လိုက်ရှင်းနေတယ်။ အဲဒီ တပ်ရင်းငါးရင်းက စကခ (၇) ကလေ။ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေး သူက ဘန်းယဉ်မှာ ထိုင်နေတယ် အခု။ သူက အဓိက အဲမှာ ကွပ်ကဲနေတယ်။ ရွာသားတွေ အခြေအနေကတော့ အခု သူတို့ ရွာတိုင်းကို ခေါ်ပြီး စစ်ဆေး နေတယ်။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(ပီအဲန်အယ်လ်အို)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က မြန်မာစစ်အစိုးရ စကခ ဗျူဟာမှူး ဗိုလ်မှူးချုပ် မျိုးအေးက ပီအဲန်အိုကို ခြိမ်းခြောက်ပြောဆိုသည်မှာ မှန်ကန် ကြောင်း သို့သော် ပီအဲန်အိုအတွက် ထူးခြားမှု တစုံတရာ မရှိနိုင်ကြောင်း ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတဲ့ဟာ သတ်မှတ်ပေးတာ ပြောရရင်တော့ သူတို့ စကခ (၇) စစ်ဒေသ ကွပ်ကဲရေးမှူးတယောက်အနေနဲ့ သတ်မှတ် ပေးတာ မဟုတ်ဘူး။ ရန်ကုန် ညောင်နှစ်ပင်ညီလာခံမှာ ၁၃ နှစ်ကြာအောင်မှ အစည်းအဝေး လုပ်ပြီးတော့မှ ချမှတ်ထားတဲ့ ဟာဖြစ်တယ် ဆိုတဲ့အချိန်ကျတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့အမြင်ကတော့ ပီအဲန်အို အနေနဲ့ တုန်လှုပ်လည်း မတုန်လှုပ်နိုင်ဘူး။ တုန်လှုပ်နိုင်စရာ အကြောင်းလည်း မရှိဘူးလို့ ကျနော်တို့ တော့ ဒီလိုပဲ မြင်ပါတယ်။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ဗိုလ်မှူး ခွန်အောင်ခမ်းထီ ဦးဆောင်ပြီး ၁၉၉၁ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လုပ်ထားသည့်အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ကချင်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကယားပြည်နယ်ရှိ အပစ်ရပ်အဖွဲ့များကို မြန်မာ စစ်အစိုးရက သီးခြားတွေ့ဆုံပြီး လက်နက်ကိုင်တပ်ဖွဲ့မှ နယ်ခြားစောင့်တပ် ရဲတပ်ဖွဲ့အသွင် ပြောင်းရန် ခေါ်ယူ ဆွေးနွေးချိန်တွင် ပီအဲန်အိုအား ခေါ်ယူဆွေးနွေးခြင်း မရှိသေးဟု သိရသည်။
 

Most read this week