ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် ခေါ်ယူကျင်းပ

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် ခေါ်ယူကျင်းပ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် လွှတ်တော်ကို ဇွန်လ ၂၅ ရက်နေ့တွင် အရေးပေါ် ခေါ်ယူကျင်းပမည်ဟု သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် တာဝန်မှ နုတ်ထွက်သွားရပြီး တစ်ပတ်ခန့် အကြာတွင် ရခိုင်ပြည်နယ် လွှတ်တော်အား အရေးပေါ် ခေါ်ယူကျင်းပခြင်း ဖြစ်သဖြင့် ၀န်ကြီးချုပ် အသစ် နောက်တစ်ဦးကို ခန့်အပ်ရန် အတွက် ခေါ်ယူကျင်းပခြင်း ဖြစ်နိုင်ကြောင်း မြေပုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လုံးက ပြောသည်။

“ ကျွန်တော်တို့ ကောလဟလ ကြားနေတာက တပ်မတော်က ဗိုလ်ချုပ်မောင်မောင်အုန်းကို တပ်မတော်သား ကိုယ်စားလှယ် အဖြစ် ရခိုင်လွှတ်တော်မှာ ခန့်အပ်လိုက်တယ်လို့ ကြားရတယ်။ အခု ခေါ်တဲ့ အရေးပေါ် အစည်းအဝေးက ဒီဝန်ကြီးချုပ် အသစ် ခန့်မယ်ကိစ္စထက် အပြင်တခြား ကိစ္စ မဖြစ်နိုင်ဘူး” ဟု သူက ဆိုသည်။

ဗိုလ်ချုပ်မောင်မောင်အုန်းမှာ တစ်ချိန်က နယ်စပ်ရေးရာ ပြည်ထောင်စု ဒုဝန်ကြီး ဖြစ်ပြီး သူ့အား ယင်းရာထူးမှ အနားပေးကာ ရခိုင်ပြည်နယ် လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် အစားထိုး ခန့်အပ်ခဲ့ သည်။

၄င်းခန့်အပ်မူကို ရွှေးကောက်ပွဲကော်မရှင်က ဇွန်လ (၂၀) ရက်နေ့က မြန်မာ အစိုးရပိုင် သတင်းစာများမှ တဆင့် ကျေညာခဲ့သည်။

“ကျွန်တော်တို့ကတော့ သဘောမတူဘူး။ ရခိုင်ပြည်နယ်ကို ဦးဆောင်မယ့်သူဟာ ရခိုင်ပြည်သူတွေက ရွှေးကောက်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်ဘဲ ဖြစ်သင့်တယ်။ ဘယ်ပါတီကဘဲဖြစ်ဖြစ် ပြည်သူတွေ ရွှေးချယ်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်သာ ဖြစ်သင့်ပါတယ်” ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ရွှေးချယ်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ် (၃၄) ဦးရှိပြီး ထိုအထဲမှသာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်သင့်ကြောင်း၊ သို့မဟုတ်ဘဲ တပ်မတော်သားကိုယ်စားလှယ် တစ်ဦးဦးကို ခန့်အပ်ပါက ပြည်သူများ၏ ဆန္ဒသဘောထားအရ တင်မြှောက်ထားသောသူ မဟုတ်၍ ပြည်သူ့ဆန္ဒကို အလေးမထားရာ ရောက်မည် ဖြစ်သဖြင့် သဘောမတူနိုင်ကြောင်း သူက ဆက်ဆိုသည်။

“လွှတ်တော်မှာ ကန့်ကွက်မလားဆိုတော့ ကန့်ကွက်ခွင့်ရရင် ကန့်ကွက်မယ်။ ဒါပေမယ့် သူတို့က ကန့်ကွက်ခွင့်ပြုမှာ မဟုတ်ဘူး” ဟု သူက ဆက်ဆိုသည်။

ရခိုင်ပြည်နယ်သည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော အရေးအခင်း နောက်ပိုင်း ပြဿနာအကြီးအကျယ် နှင့် ရင်ဆိုင်နေကြရပြီး ပညာရေး- ကျန်းမာရေး နိမ့်ကျမူ၊ ဆင်းရဲမွဲတည်မူ၊ စီးပွားရေး ကျပ်တည်းမူ၊ ယင်းအကျိုးဆက်ကြောင့် ရခိုင်ပြည်သူများမှာ နေရပ်ရင်းကို စွန့်ခွာကာ ရေကြည်ရာ မြက်နုရာသိုု့ ထွက်ခွာသွားလာနေမူ စသည့် စိန်ခေါ်မူများစွာနှင့် ကြံုတွေ့ ရင်ဆိုင်နေကြရသည်။

ထိုသို့ ရင်ဆိုင်နေရသော ပြဿနာ အရပ်ရပ်ကို ဖြေရှင်းရန်မှာ ပြည်ထောင်စု အစိုးရ၏ ပူးပေါင်းကူညီမူကို အထူးလိုအပ်နေသဖြင့် အုပ်ချုပ်ရေး ညံ့ဖျင်းမူကြောင့် နုတ်ထွက်ခဲ့ရသော ဦးလှမောင်တင်၏ နေရာတွင် တပ်မတော်မှ လာသော ဗိုလ်ချုပ်မောင်မောင်အုန်းအား အစားထိုးခန့်အပ်မည်ကို ကြိုဆိုနေသူများလည်း ရှိနေသည်။

သို့သော်လည်း ရခိုင်အမျိုးသား ပါတီ ဒုခေါင်းဆောင် ဒေါက်တာ အေးမောင်ကမူ အစဉ်အလာဖြစ်သွား မည်ကို စိုးရိမ်ကြောင်း နိရဥ္စရာနှင့် ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် ဖြေကြားသည်။

“ ဦးလှမောင်တင်၏ ကျန်းမာရေးကြောင့် သို့မဟုတ် တန်းရှင်း ( Tension) များလို့ ဆိုတဲ့ အကြောင်း ပြချက်တွေနဲ့ သူဟာကို နှုတ်ထွက်တယ် ဆိုတယ်ဆိုတာက  ဦးလှမောင်တင်အတွက် ကောင်းပါတယ်။ သို့သော်လည်း အစဉ်အလာ တစ်ခုလို ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု ဆိုသည်။

ယခုပြုလုပ်မည့် အရေးပေါ်လွှတ်တော် အစည်းအဝေးတွင် လစ်လပ်နေသော ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား ခန့်အပ်သွားမည်မှာ သေချာသလောက်ဖြစ်နေပြီး ဗိုလ်ချုပ်မောင်မောင်အုန်းမှာ ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရမည်မှာ သေချာနေကြောင်း ခိုင်လုံသော အစိုးရ သတင်းရပ်ကွက်အရ သိရှိရသည်။

Most read this week