လေပြင်းတိုက်၍ ရသေ့တောင်မြို့နယ် ကျောက်တန်းအထကကျောင်းဆောင်များပျက်စီး

လေပြင်းတိုက်၍ ရသေ့တောင်မြို့နယ် ကျောက်တန်းအထကကျောင်းဆောင်များပျက်စီး
by -
နိရဥ္စရာ

လွန်ခဲ့သော ဇွန်လ(၁၉)ရက်နေ့က ရုတ်တရက် လေပြင်း တိုက်ခတ်ခဲ့သဖြင့် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ အဆောက်အဦးများပျက်စီးသွားကြောင်း သတင်းရရှိသည်။

အထက်တန်းကျောင်းခွဲ၏ အဆောက်အဦးများ ပျက်စီးသွားကြောင်းကို ကျောက်တန်းရွာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးထွန်းရွှေက နိရဥ္စရာသို့ ယခုလို ပြောသည်။

kyauk-tan-behs-2

“ ဖြစ်စဉ်က (၁၉)ရက်နေ့ နံနက်(၆)နာရီ (၁၅)မိနစ်အချိန်တိတိမှာ လေပြင်းတိုက်ပါတယ်။ မနက်ပိုင်း မူလတန်း အသုတ် ကျောင်းတက်ဖို့လုပ်နေကြတဲ့ အချိန်မှာပေါ့။ ဒီအချိန်မှာ လေပြင်း ရုတ်တရက် တိုက်လိုက်တော့ ကျောင်းအဆောက်အဦးရဲ့ ခေါင်းမိုးသွပ်ပြားတွေ မိုးပေါ်ကို လွင့်ပါ သွားပြီး ရွာစွန်ကိုအထိ ရောက်သွားတယ်။ နောက်ပြီး ဆရာမတွေနေတဲ့ အဆောင်ခေါင်မိုး တွေလည်း အကုန်လုံး ပျက်စီးသွားတယ်” ဟုဆိုသည်။

ပျက်စီးသွားသော ကျောင်းဆောင်မှာ အလျား ပေ ၁၅၀၊ အနံပေ ၃၀ ရှိကြောင်း သူက ဆက်ပြောသည်။

ကျောင်းဆောင်များ ပြိုပျက်သွားသော်လည်း ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများကို တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

kyauk-tan-behs-1

လေပြင်းတိုက်၍ အထက်တန်းကျောင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဖိုးမှာ ကျပ် လေးဆယ်သုံးသိန်း ရှစ်သောင်း နှစ်ထောင့်ငါးရာကျပ်ရှိကြောင်း ဆရာကြီးက ပြောသည်။

ယခုအခါ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ရခိုင်ပြည်နယ်ပညာညွှန်ကြားရေးမှူးရုံး၊အမှတ်(၁)အခြေခံပညာ ဦးစီး ဌာနနှင့်ရသေ့တောင်မြို့နယ်အာဏာပိုင်များထံ တင်ပြထားကြောင်း သိရသည်။

လေပြင်းဒဏ်ကြောင့် ပျက်စီးသောသော စာသင်ကျောင်းမှာ ယခုနှစ်တွင် အထက်တန်းကျောင်း အဖြစ် တိုးမြှင့်ခံထားရသည်ဟု သိရသည်။

လက်ရှိ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ (၁၁၀၀)ကျော် ပညာသင်ကြားနေပြီး ဆရာဆရာမ (၃၇) ဦး ရှိကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာတွင်လည်း ဇွန်လ(၁၉)ရက် နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့်အတွက် ကျေးရွာရှိ မူလွန်စာသင်ကျောင်း၏ ခေါင်မိုးပွင့်ထွက်ပြီး တတိယတန်း ကျောင်းသား တစ်ဦးတွင် ဦးခေါင်းဒဏ်ရာများရရှိခဲ့သည်။

Most read this week