ကချင်ပြည်နယ်နှင့် သံလွင်မြစ်ရှိ လျှပ်စစ်စီမံကိန်းများမှ အမေရိကန်ဒေါ်လာ သန်း ၅၄၀ ခန့် နှစ်စဉ် ရရှိမည်ဟု ဆို

ကချင်ပြည်နယ်နှင့် သံလွင်မြစ်ရှိ လျှပ်စစ်စီမံကိန်းများမှ အမေရိကန်ဒေါ်လာ သန်း ၅၄၀ ခန့် နှစ်စဉ် ရရှိမည်ဟု ဆို
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ် စီမံကိန်းသုံးခုနှင့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းသုံးခု အကောင် အထည်ဖော်နိုင်ပါက မြန်မာအစိုးရသည် နှစ်စဉ်ကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့် ရရှိမည်ဟုလျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ဒု-၀န်ကြီး ဦးမော်သာထွေးက ပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ဒု-၀န်ကြီး ဦးမော်သာထွေးက မြန်မာနိုင်ငံ၏ လျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်အထက်ပိုင်းရှိ ကွမ်းလုံ စီမံကိန်းသည် စက်တပ်ဆင်အင်အား မဂ္ဂါ၀ပ် ၁,၄၀၀၊ ချီဖွေစီမံကိန်းသည် စက်တပ်ဆင်အင်အား မဂ္ဂါ၀ပ် ၃,၄၀၀ နှင့် လိုက်ဇာစီမံကိန်းသည် မဂ္ဂါ၀ပ် ၃,၀၀၀ ရှိပြီး စီမံကိန်းသုံးခုမှ နှစ်စဉ် ကန်ဒေါ်လာ ၃၆၇ သန်း အကျိုးအမြတ်အဖြစ် ရရှိမည် ဖြစ်သည်။

ထို့ပြင် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်း ငါးခုအနက် အမြန်ဆုံးစတင်နိုင်မည့် ကွမ်းလုံ(စက်တပ်ဆင် အင်အား မဂ္ဂါ၀ပ် ၁,၄၀၀ ၊ နိုင်ငံတော်မှရမည့်ပမာဏ မဂ္ဂါ၀ပ် ရ၀၀)၊ နောင်ဖ (စက်တပ်ဆင် အင်အား မဂ္ဂါ၀ပ် ၁,၂၀၀၊ နို်င်ငံတော်က ရမည့်ပမာဏ မဂ္ဂါ၀ပ် ၆၀၀)၊ နမ့်မမြစ်ပေါ်မှ မန်တောင်းစီမံကိန်း(စက်တပ်ဆင် အင်အား ၂၂၅ မဂ္ဂါ၀ပ်၊ နိုင်ငံတော်က ရမည့်ပမာဏ ၁၁၂ မဂ္ဂါ၀ပ်)များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင် မည်ဆိုပါက နှစ်စဉ် ကန်ဒေါ်လာ ၁၆၈ ဒသမ ရ သန်း ရရှိမည်ဟု ၎င်းက ပြောသည်။

စီမံကိန်းတစ်ခု အကောင်အထည်ဖော်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိခြင်း၊ နည်းပညာအသစ်များနှင့် ရင်းနှီးခွင့်ရခြင်း၊ စီမံကိန်းများကြောင့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်လာခြင်း၊ ရေစီးရေလာများ ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးအမြတ်များလည်း ရရှိမည်ဟု ၎င်းက ပြောသည်။

သို့သော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စီမံကိန်းများအကောင်အထည်ဖော်ရာတွင်လျော်ကြေး များ ပေးခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာသက်ရောက်မှုများကို လေ့လာသုံးသပ်မှု များရှိသော်လည်း စီမံကိန်းများကြောင့် ရွှေ့ပြောင်းပေးရသူများ၏ အလုပ်အကိုင် အခွင့်အလမ်းကို ကောင်းစွာ ဖန်တီးပေးမှု နည်းပါးသည့်အတွက် ပြဿနာများ ဖြစ်ပေါ်နေသည်ဟု သတိပေးပြောကြားသည်။

ယနေ့ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား စက်တပ်ဆင်အင်အား ၄,၃၆၂ ဒသမ ၅ မဂ္ဂါ၀ပ်သာရှိသည့်အတွက် နှစ်စဉ်ဓာတ်အားပေး စက်ရုံများ တိုးချဲ့တည်ဆောက်ရန် လိုအပ်နေပြီး ၂၀၃၀-၃၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၂၃,၅၉၄ မဂ္ဂါ၀ပ်အထိ ဖြစ်လာစေရန် စီမံချက်ချထားသည်ဟု ဦးမော်သာထွေးက ဆိုသည်။

ထိုစီမံကိန်းများကို အကောင်အထည်ဖော်ရန် နိုင်ငံတော်မှ ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိက တိုင်းရင်းသားလုပ်ငန်းရှင်များ ပါ၀င်ဆောင်ရွက်စေခြင်း၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ခြင်း နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။

၎င်းက “နှစ်စဉ် တိုးတက်နှုန်း ၁၃ ရာခိုင်နှုန်းဖြင့် တွက်ချက်၍ အရန်ဓာတ်အား ၃၀ ရာခိုင်နှုန်းထားရှိရန် စီစဉ်လျာထားမည်ဖြစ်ပါသည်”ဟု ပြောသည်။

နိုင်ငံတွင်း ဓာတ်အားမရရှိသေးသည့် ပြည်သူ သန်းလေးဆယ်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို အနာဂတ်တွင် တာဝန်ယူမည့် အစိုးရများက လုံလောက်စွာ ဖြန့်ဖြူးနိုင်မည်ဟုလည်း ပြောသည်။

Most read this week