KBC အထွေထွေအတွင်းရေးမှူး Rev. Samson ၏ ကိုယ်ရေးအချက်လက် ရဲများ စုံစမ်း

KBC အထွေထွေအတွင်းရေးမှူး Rev. Samson ၏ ကိုယ်ရေးအချက်လက် ရဲများ စုံစမ်း
by -
ကေအဲန်ဂျီ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဦးဆောင်၍ မြစ်ကြီးနားမြို့တွင် ကချင်ဒေသတိုက်ပွဲ (၃) နှစ်ပြည့် အထိန်းအမှတ် လူထုဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ပြီး မကြာမီ KBC အထွထွေအတွင်းရေးမှူး Rev. Dr. Samson ၏ ကိုယ်ရေးအချက်လက်များကိိုု အစိုးရရဲများက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဇွန်လ (၉) ရက်နေ့ မနက်ပိုင်း ကချင်ပြည်နယ်မြို့တော်၌ လူထုဆန္ဒပြပွဲ အစီအစဉ်လုပ်ပြီး မွန်းလွဲပိုင်းတွင် ရဲများသည် Rev. Dr. Samson နှင့်ပတ်သက်သည့် ကိုယ်ရေးအချက်လက်များကို အစိုးရ ရပ်ကွက်အုပ်ချုပ်ရေးရုံး (ရရက) နှစ်နေရာသို့ လာရောက်စုံစမ်းခဲ့ကြောင်း KBC သတင်းဌာနမှ တာဝန်ခံ ဆရာ Lama Yaw ပြောပါသည်။

ဇွန်လ ၉ ရက်နေ့က လမ်းလျှောက်စီတန်းမှုတွင်တွေ့ရသော ဒေါက်တာ ဆမ်ဆွန် (၀ဲ)

၄င်းရဲတပ်ဖွဲ့ဝင်များက မြစ်ကြီးနားခရိုင်မှဖြစ်ပြီး KBC အတွင်းရေးမှူး၏ နေရပ် ရွှေစက်ကျေးရွာ ရရက ရုံးတွင် ရှေ့ဦးစွာလာရောက်မေးမြန်းစုံစမ်းကာ နောက်ပိုင်းတွင် KBC ရုံး စိုက်ထူထားသည့် နေရာ ရှမ်းစုတောင် ရပ်ကွက်ကျေးရွာအုပ်စု ရရက ရုံးတွင် အသီးသီး ဝင်ရောက်မေးမြန်းခဲ့ကြောင်း ဆရာ Lama Yaw ပြောသည်။

သို့သော် ဆရာဆမ်ဆွန်၏ ရွှေစက်ကျေးရွာရှိ နေအိမ်နှင့် KBC ရုံးတွင်မူ လာရောက် စစ်ဆေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ပြီးခဲ့သည့်တနင်္လာနေ့တွင် အဆိုပါ အထွေထွေအတွင်းရေးမှူးကိုယ်တိုင် ဦးဆောင်ကာရာချီသောလူထု များနှင့်အတူ စီတာပူ ရိုးရာမနောကွင်းမှ တောင်ဘက်ပိုင်း ၁၀ မိုင် အကွာအဝေးရှိသော နောင်နန်းကျေးရွာ သို့ လမ်းလျှောက်ချီတက်ကာ တိုက်ပွဲများရပ်ရန် ဆန္ဒတောင်းဆိုခဲ့ကြပြီး၊ ကချင်ဓမ္မကောလိပ် (KTC) အေဒီ ၂၀၀၀ ပြည့် အထိမ်းအမှတ် ခန်းမဆောင်တွင် အစိုးရနှင့် KIO ပဋိပက္ခဖြစ်သည့် ၃ နှစ်ပြည့် အခမ်းအနားပွဲကို ကျင်းပခဲ့ကြသည်။

အထိမ်းအမှတ်နေ့ ရက်စွဲဖြင့် KBC ၏ ထုတ်ပြန်ကြေညာချက်တွင်လည်း “စစ်ရှောင်နေသူများ ကိုယ့်နေအိမ်သို့ အမြန်ပြန်နိုင်ရန်၊ အစိုးရစစ်တပ်အား အမြန်ဆုံး ရုတ်သိမ်းပေးရန်” တောင်းဆိုခဲ့သည်။

ဆက်လက်ပြီး “အပြစ်မရှိ ပြည်သူ တစ်သိန်းကျော် စစ်ရှောင်နေရခြင်းသည် နိုင်ငံရေးကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ပင်လုံစာချုပ်ကို အခြေခံပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံး အကောင်အထည်ဖော်ရန်” ဆက်လက် တောင်းဆိုထားသည်။

ထိုသို့ KBC မှ ဦးဆောင်ကာ ဆန္ဒတောင်းဆိုမှုများကို ၂၀၁၂ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင်လည်း ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဗိုလ်အဖြစ် မတရားစွပ်စွဲပြီး ဖမ်းဆီးခံခဲ့ရသည့် မြစ်ကြီးနား ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းမှ ဦး လထော်ဘရန်ရှောင်အား ပြန်လည်လွတ်ပေးရန်  ငြိမ်းချမ်းစွာ KBC သင်းအုပ်ဆရာများ ဦးဆောင်ကာ လူထုများနှင့် တောင်းဆိုမှုများရှိခဲ့သည်။

အဆိုပါတောင်းဆိုမှုနောက်ပိုင်းတွင် ဦးဘရန်ရှောင်အား စီရင်ချက်ချခဲ့သော်လည်း လွှတ်မြောက်ပေးခဲ့သည်။

KBC သည် ကချင်ခရစ်ယာန် အသင်းတော်များထဲမှ အကြီးဆုံးအသင်းတော်ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် ဇွန် လဆန်း (၉) ရက်နေ့မှစ၍ မြန်မာအစိုးရနှင့် KIO အကြား ပြန်လည်တိုက်ပွဲဖြစ်ပြီးနောက် ကချင်ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် အထူးဆုတောင်းသည့် အစီအစဉ်များ ပြုလုပ်ခြင်းသာမက အစိုးရအား တောင်းဆိုုခြင်းများလည်း ပြုလုပ်နေသည်။

Most read this week