ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် အောင်မြင်စွာဖွဲ့စည်း

ရခိုင်အမျိုးသားပါတီ မြောက်ဦးမြို့နယ် အောင်မြင်စွာဖွဲ့စည်း
by -
နိရဥ္စရာ

ပြဿနာ အချို့ကြောင့် ဖွဲ့စည်းရန် ကျန်နေသော ရခိုင်အမျိုးသားပါတီ(ANP)၏ မြောက်ဦးမြို့နယ်ကော်မီ တီကို ဇွန်လ (၁၀) ရက်နေ့နံနက်က ယင်းမြို့တွင် အခမ်းအနားပြုလုပ်ကာ ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်အနားကို ယနေ့ နံနက်(၉)နာရီမှ (၁၁)နာရီအချိန်ထိ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ရုံးတွင်ကျင်းပခဲ့ပြီး ပါတီထိပ်တန်းခေါင်းဆောင်များ ဖြစ်ကြသည့် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်၊ ဦးဦးလှစော၊ ဦးခိုင်ပြည်စိုး၊ဦးမျိုးကျော်တို့တက်ရောက်ခဲ့သည်ဟု သိရသည်။

မြောက်ဦးမြို့နယ် ခေါင်းဆောင်များနှင့် ပါတီ ဗဟိုမှ ခေါင်းဆောင်များ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးနေစဉ်။

အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပါတီဝင်(၂၅)ဦး၊ ရခိုင်ဒီမိုကရေအဖွဲ့ချုပ်မှ ပါတီဝင် (၂၅)ဦး တက်ရောက်လာကြပြီး ယင်းထဲမှ ပ-ခေါင်းဆောင်နှင့် ဒု-ခေါင်းဆောင်တို့ကို ရွေးချယ် တင်မြှောက်ခဲ့သည်။

မြောက်ဦးမြို့နယ် ANP ပါတီ၏ ပထမခေါင်းဆောင်အဖြစ် ဦးထွန်းလှိုင်ကိုလည်းကောင်း၊ ဒုတိယ ခေါင်းဆောင်အဖြစ် ဦးအောင်ကျော်ဖြူတို့ကိုလည်းကောင်း အသီးသီးတင်မြှောက်ခဲ့ကြောင်း သိရသည်။

ပ-ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူ ဦးထွန်းလှိုင်မှလည်း ပါတီပေါင်းစည်းခြင်းနှင့် ပတ်သက်၍ သူ၏ ခံယူချက်ကို နိရဥ္စရာသို့ ယခုလိုပြောသည်။

“တစ်ပါတီတည်း ရပ်တည်တာထက်စာရင် နှစ်ပါတီပူးပေါင်းလိုက်တော့ ပိုအားရှိတာပေါ့။ နောင်အနာဂတ်မှာ ရခိုင်ပြည်ရဲ့ ဆင်းရဲမွဲတေမှုတွေ ပပျောက်သွားဖို့ ကြိုးစားဖြေရှင်းဖို့လိုနေပါတယ်။ ကျွန်တော်ကတော့ ဘယ်တာဝန်ဘဲကျကျ ကြိုးစားထမ်းဆောင်ဖို့ စိတ်ကူးထားပါတယ်”ဟု ဆိုသည်။

ယင်းသို့ ခေါင်းဆောင်များရွေးချယ်ရာတွင် ပါတီဝင်များကြား မကျေလည်မှုတစ်ချို့ရှိခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသားရေးအတွက် ရှေ့ရှု့ကာ လုပ်ဆောင်ခဲ့ကြကြောင်း၊ နှစ်ပါတီ ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ပါက အင်အားကောင်းသော ပါတီတစ်ရပ်ကို ဖန်တီးပြီး ရခိုင်အရေးကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ယခင် မြောက်ဦးမြို့နယ် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဒုဥက္ကဌ ဖြစ်ခဲ့သူ ဦးအေးမောင်သန်းက ဆိုသည်။

“အဖွဲ့တွင်း မကျေလည်သေးတာ တစ်ချို့တော့ ရှိတယ်ပေါ့။ အားလုံးတော့ဘယ်အဆင်ပြေမလဲ။ နှစ်ပါတီပေါင်းပြီး စည်းစည်းရုံးရုံးလုပ်တော့ ပိုအားကောင်းလာမယ်၊ဘာဖြစ်ဖြစ် ကျွန်တော်တော့လည်း
ဝမ်းသာတယ်” ဟု ဆိုသည်။

အလားတူ ပြဿ    နာများကြောင့် မဖွဲ့စည်းဘဲ နောက်ဆုံးကျန်သော ကျောက်ဖြူနှင့် အမ်းတွင်လည်း မြောက်ဦးမြို့နယ် ဖွဲ့စည်းရေး မတိုင်မီ အထက်ဖေါ်ပြပါ ခေါင်းဆောင်များက ကိုယ်တိုင် သွားရောက်ပြီး  မြို့နယ် ကော်မီနှင့် ကော်မီတီ ခေါင်းဆောင်များကို အောင်မြင်စွာ ရွှေးချယ် ဖွဲ့စည်းနိုင်ခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ(RNDP)နှစ်ပါတီပေါင်းစည်းရန် ရခိုင်လူထုက တောင်းဆိုသဖြင့် ၂၀၁၄ ခုနှစ်၊မတ်လ(၆)ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ အဖြစ် ပေါင်းစည်းတည်ထောင်ခဲ့သည်။

Most read this week