ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည်

ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အိုနှင့် နအဖ မကြာမီ ဆွေးနွေးမည်
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တွေ့ဆုံပြီး ကေအိုင်အို လက်နက် ကိုင် တပ်ဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရန်အတွက် မေလမကုန်မီ ဆွေးနွေးရန် နှစ်ဘက်သဘောတူညီမှု ယူထား ...

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တွေ့ဆုံပြီး ကေအိုင်အို လက်နက် ကိုင် တပ်ဖွဲ့အား ပြင်ဆင်ဖွဲ့စည်းရန်အတွက် မေလမကုန်မီ ဆွေးနွေးရန် နှစ်ဘက်သဘောတူညီမှု ယူထားသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့အား (၂ဝ၁ဝ)မတိုင်မီ  ပြန်လည် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း မြန်မာစစ်အစိုးရဘက်က ဧပြီလ(၂၈)နေ့ မြစ်ကြီးနား မြို့၊ မပခစစ်ဌာနချုပ်တွင်  ကေအိုင်ဥက္ကဌ ဦးဆောင်အဖွဲ့နှင့် မပခတိုင်းမှူးတို့ တွေ့ဆုံစဉ် ပြောခဲ့သည်ဟု ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုသည်။

“၂ဝ၁ဝ မတိုင်ခင်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လိုဖွဲ့စည်းမလဲ၊ ဘယ်လိုထားမလဲ ဆိုတာ စဉ်းစားဖို့ လိုတယ်ဆိုပြီး ပြောထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် အစိုးရက ပြောတဲ့ဟာကို ကျနော်တို့က လေးလေးနက်နက်ထားပြီး စဉ်းစားမယ်။ မေလ နောက်ဆုံးအပတ်ထဲမှာ နှစ်ဘက် တွေ့ဆုံပြီး ဆွေးနွေးမယ်၊ ကျနော်တို့ဆီက အဖွဲ့တဖွဲ့ သွားမယ်၊ ကျနော်တို့ သိချင်တာတွေ မေးမယ်၊ သူတို့ကလည်း ဆွေးနွေးချင်တာ ပြောမယ်၊ မေလအကုန် နှစ်ဦးနှစ်ဘက် တွေ့တဲ့အခါ စပြီးဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ”

ကေအိုင်အို လက်နက်ကိုင်အဖွဲ့အား မည်သို့ဖွဲ့စည်းမည်၊ အသွင်ပြောင်းမည်စသည့် အသေးစိတ် အချက် အလက်များကို ပြောဆိုခြင်းမရှိပါ။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့သည် ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင် မြန်မာစစ် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ကချင်ပြည်နယ်၊ အထူးဒေသ(၂) အဖြစ် သတ်မှတ်ပေးထားကာ ဒေသ အတွင်း လက်နက်ကိုင်ဆောင်သွားလာခွင့်၊ စီးပွားရေး လုပ်ခွင့်များ ရရှိထားသည့် အဖွဲ့ဖြစ်သည်။

ဧပြီလ(၂၈)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်၊ (ဝ)ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အထူး ဒေသ(၄) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စသည့် အဖွဲ့များနှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေး အဖွဲ့တို့ကို မြန်မာစစ်အစိုးရ စစ်ဘက်အရာရှိများက တနေ့တည်း၊ သီးခြားခေါ်ယူ တွေ့ဆုံခဲ့ကာ (၂ဝ၁ဝ)မတိုင်မီ လက်နက်ကိုင် တပ်ဖွဲ့များအား ပြင်ဆင်ဖွဲ့စည်းပြီး အဖွဲ့အသွင် ပြောင်းရန် ပြောဆိုခဲ့ သည်ဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင် တပ်မတော်တခုတည်းသာ ရှိရမည် ဆိုသည့် အချက် ထည့်သွင်းထား၍ ယခုလို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့အစည်း များအား ပုံစံအသစ်ဖြင့် ပြောင်းလဲဖွဲ့စည်းဖို့ နအဖနှင့် အပစ်ခတ်ရပ်အဖွဲ့များအကြား ဆွေးနွေးပွဲများ ပေါ်ပေါက်လာသည်။

Most read this week