မောင်နှမ နှစ်ဦးအား ရန်ရှာတိုက်ခိုက်သူ လူတစ်စုအား တစ်လကြာမှ တရားစွဲဆိုနိုင်

မောင်နှမ နှစ်ဦးအား ရန်ရှာတိုက်ခိုက်သူ လူတစ်စုအား တစ်လကြာမှ တရားစွဲဆိုနိုင်
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် ဧပြီလအတွင်း ဖြစ်ပွါးခဲ့သော ရခိုင်တိုင်းရင်းသား မောင်နှမနှစ်ဦးအား ဘင်္ဂလီများက အုပ်စုဖွဲ့ ရန်ရှာ တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်တွင် ပါ၀င်သော တရားခံများကို မှုခင်းဖြစ်ပွားပြီး တစ်လကြာမှ ဘူးသီးတောင် မြို့နယ် တရားရုံးတွင် တရားစွဲဆိုနိုင်ခဲ့သည်ဟု သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ ခြိမ်းခြောက်ခြင်း၊ ငွေမက်လုံးပြကာဖိအားပေးခြင်း၊ တရားလိုဖြစ်သူများဘက်မှ တွေဝေထိတ်လန့်ခြင်း၊ အမှုပွဲစားများဖြစ်သော ရခိုင်တချို့က ဘင်္ဂလီများဘက်မှ လိုက်ကာအမှုကို ရုတ်သိမ်းပေးစေရန် ဆောင်ရွက်ခြင်းတို့ကြောင်း ဖြစ်သည်ဟု ယင်းအမှုကို အနီးကပ်လေ့လာစုံစမ်းနေသူ ဦးကျော်ဝင်းက ပြောသည်။

“မေလ ၂၉ ရက်နေ့မှဘဲ တရားစွဲဆိုနိုင်ခဲ့ပါတယ်။ ခုလို ကြန့်ကြာရတာက အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကျေးရွာအုပ်ချုပ်ရေးပိုင်းက လူတွေကလည်း အမူကို ပြေအေးဖို့ ဖိအားပေးတာတွေလည်း ပါ၀င်တယ်လေ” ဟု သူက ဆိုသည်။

ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းအုပ်စု သဘောက်ချောင်း ကျေးရွာနေ၊ မောင်ကျော်သိန်းလှိုင်နှင့် နှမဖြစ်သူ မညွန့်ညွွှန့်သိန်းတို့ နှစ်ဦးသည် ဧပြီလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ခန့်တွင် ဂြိတ်ချေ (ခရု) ရောင်းရန် စျေးသို့ ထွက်လာခဲ့ရာ အလယ်ချောင်းအုပ်စု၊ လသာကုလားရွာအနီးသို့ အရောက်တွင် ဘင်္ဂလီများက ၀ိုင်းရံလာပြီး ရန်မူတိုက်ခိုက်သဖြင့် မောင်ကျော်သိန်းလှိုင်၏ ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်ပျက်စီးသွားခဲ့သည်။

၎င်းကိုဘူးသီးတောင်မြို့နယ်ရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင်ကအမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အမှုတွင် ပါ၀င်သော တရားခံ (၇)ဦးအနက် (၅)ဦးဖြစ်သော မာလိတ်တူဆောင်း၊ အဒူရော်ရှီး၊ အဒူမာဆောင်း၊ မာမောက်တာမိန်နှင့် အာရသွန်ဘီဘီတို့ကို ပြစ်မှုဆို်င်ရာဥပဒေပုဒ်မ ၂၇၉(က)/ ၂၉၄ / ၃၃၇ / ၃၀၇ အရရမန်ယူ စစ်ဆေးခဲ့သည်။

အဓိက ပြစ်မှုကျူးလွန်သူများဖြစ်သောအီနုစ်နှင့် အီဆလင်ဆိုသူ ညီအစ်ကိုနှစ်ဦးမှာ အခင်းဖြစ်ပွားသော နေ့တွင်ပင်  အလယ်ချောင်း ဥက္ကဌအပါအဝင် ၎င်း၏အပေါင်းပါများက ဆောင်ရွက်ပေးမူကြောင့် ထွက်ပြေး လွတ်မြောက််သွားခဲ့သည်ဟု တရားလို၏  မိခင်ကပြောသည်။

မေလ ၂၉ ရက်နေ့တွင် မြို့နယ်တရားရုံးသို့ တရားစွဲဆိုတင်ပို့သည့်အခါတွင်မူ လက်ခံရနိုင်သည့် ပုဒ်မ၂၉၄/ ၁၄၈ / ၅၀၆ / ၃၂၃ / ၄၂၇ / ၁၁၄ သို့ပြောင်းလဲပြီး စွဲဆိုခဲ့သည်ဟု ဦးကျော်ဝင်းက ဆိုသည်။

“ ပထမ ရမန်ယူစစ်ဆေးခဲ့စဉ်က ပုဒ်မနေတွေကို  တရားစွဲဆိုတင်ပို့တဲ့ အခါ ပြောင်းလဲစွဲဆိုခဲ့တယ်။ အခု ပုဒ်မတွေက အာမခံပေးနိုင်တဲ့ ပုဒ်မတွေ ဖြစ်နေတဲ့ အတွက်  တရားခံများဟာ အာမခံရရှိအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်ဆိုတာ ပေါ်လွှင်တယ်”  ဟု ဆိုသည်။

“ အမှုဖြစ်စကတည်းက လေ့လာနေတာပါ။ ဖြစ်တုန်းက ဘင်္ဂလီတွေက သူတို့ကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပါ။ ရခိုင်တွေ သတ်ပစ်၊ သတ်ပစ် ဆိုပြီး လိုက်ရိုက်တာ။ ဒါဟာ တမင်သက်သက် မတည် မငြိမ် ဖြစ်အောင် ရည်ရွယ်ပြီးရန်စတာ ဖြစ်ပါတယ်။ ဒါကို ထိရောက်တဲ့ အပြစ်မယူဘဲ လွှတ်ပေးလိုက်မယ်၊ ပြေငြိမ်း လိုက်မယ်ဆိုရင် နောက်ထပ်လည်းဒီလိုပြဿနာမျိုးတွေ ထပ်ဖြစ်နေဦးမယ်။ နောက်ဆုံး ဒီတိုင်းရင်းသား ရွာတွေမှာ ကျူးကျော်ရန်စမှုတွေ ဆက်ပြီးဖြစ်လာရင် နေထိုင်ဖို့ အခက်အခဲဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ကျူးလွန်သူတွေကို ကျူးလွန်သူတွေ အလျှောက်  တရားဥပဒေနဲ့ အညီ အရေးယူဖို့ လိုပါတယ်” ဟု ဦးထွန်းဝင်းကဆိုသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ပွဲစားများမှတစ်ဆင့် ငွေကြေးပေးပြီး အမှု ရုပ်သိမ်းရန် တရားလို ဖြစ်သူ မောင်ကျော်သိန်းလှိုင်ကိုလည်း စည်းရုံးမှုများရှိနေကြောင်း ကာယကံရှင် ကိုယ်တိုင်က ၀န်ခံပြောကြားသည်။

အမှုကို ပုဒ်မပြောင်းကာ တရားစွဲဆိုခြင်းမှာ အဂတိလိုက်စားခြင်း ဖြစ်နို်င်ကြောင်း ပြောဆို ဝေဖန်မှုများ ရှိနေပြီး အမူအပေါ် ဘူးသီးတောင် ဒေသခံများက စိတ်ဝင်စားစွာ စောင့်ကြည့်နေလျှက်ရှိကြောင်း သတင်း ရရှိသည်။

Most read this week