မင်းပြားတွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးအဖြစ်များနေ

မင်းပြားတွင် ကလေးငယ်များ သွေးလွန်တုတ်ကွေးအဖြစ်များနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါ အဖြစ်များနေကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော မေလဆန်းမှ စတင်ကာ မင်းပြားမြို့တွင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု များလာကြောင်း မင်းပြားမြို့ လူမှုကူညီမှုအသင်း ဥက္ကဌ ဦးခင်ဇော်ဝင်းက နိရဥ္စရာသို့ ပြောသည်။

မင်းပြားဆေးရုံတက်ရောက်ကုသနေရသူများ (ဓါတ်ပုံ- နိရဥ္စရာ)

“များသောအားဖြင့် ကလေးတွေ အဖြစ်များနေတယ်။ ခုဆေးရုံမှာ သွေးလွန် တုတ်ကွေး ရောဂါဖြစ်နေတဲ့ အတွင်း လူနာ(၁၄)ယောက်တောင် ရှိနေတယ်။ တစ်ယောက်ဆိုရင် အခြေအနေမကောင်းတဲ့ အတွက် စစ်တွေ ဆေးရုံကို ပို့လိုက်ရတယ်။ မင်းပြားမြို့ အစွန်အဖျားရပ်ကွက်တွေမှာ အဖြစ်များနေပါတယ်” ဟုဆိုသည်။

သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသည့် လူနာအများစုမှာ မင်းပြားမြို့ ဦးစောတင့်ရပ်ကွက်၊ ဈေးဟောင်းပိုင်း ရပ်ကွက်နှင့် ရွှေမင်းဂံရပ်ကွက်များမှ ဖြစ်ကြောင်း သိရသည်။

“အဲ့ဒီရပ်ကွက်တွေမှာ ရေစီးရေလာ ကောင်းမွန်မှုအားနည်းတယ်။ ပတ်ဝန်းကျင်က မသန့်ပြန့်မှု၊ ရာသီ ဥတုကလည်း မမှန်တဲ့အတွက်ကြောင့် ဒီလိုရောဂါတွေဖြစ်ရတာပါ” ဟု လူနာရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

မင်းပြားမြို့ ပြည်သူ့ဆေးရုံအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနေ သော်လည်း လူနာများစာရင်အား ပြုလုပ်နေဆဲဖြစ်သဖြင့် လူနာအတိအကျစာရင်းကို မပြောနိုင်သေးကြောင်း ဆေးရုံတာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

ဒေသအာဏာပိုင်များအနေဖြင့် ယခုကိစ္စကို တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း မြို့ခံများမှ ပြောကြားသည်။

Most read this week