အစိုးရနှင့် KIO ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်း

အစိုးရနှင့် KIO ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်း
by -
ကေအဲန်ဂျီ

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဘက်ကိုယ်စားလှယ်များ ပါ၀င်သော ‘ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့’ ကို ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် မေ ၂၈ ဗုဒ္ဓဟူးနေ့က ဖွဲ့စည်းလိုက်သည်။

၎င်းအဖွဲ့တွင် တစ်ဖွဲ့မှ လူ ၅ ဦးစီ အညီအမျှပါ၀င်ပြီး အစိုးရဘက်မှ ကချင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်၍ KIO ဘက်ကို မဟာဗျူဟာလေ့လာရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သည်။

အစည်းအဝေးကို နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲထိ မြစ်ကြီးနား KIO နည်းပညာအကြံပေးအဖွဲ့(Technical Advisory Team) ရုံးတွင်ပြုလုပ်ခဲ့ရာ နှစ်ဘက်ကြား ‘တိုက်ပွဲများထပ်မံမဖြစ်ပွားစေရန်နှင့် ရင်ဆိုင်ထိတွေ့မှု များကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် နှင့် ပြဿနာများဖြစ်ပေါ်လာပါက နှစ်ဘက်ညှိနှိုင်း၍ အလျင်အမြန်ဖြေရှင်းနိုင်ရန်’ ကိစ္စကို အဓိကထား ဆွေးနွေးခဲ့သည်။

ယခင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့ ဆွေးနွေးပွဲမှ တပ်ပိုင်းဆိုင်ရာ နှစ်ဦးနှစ်ဘက် သဘောတူညီ ချက်ရရှိထားသော လိုက်နာရန် အချက် (၁၈) ချက်တွင်  ‘ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေးယန္တရား’ဖွဲ့စည်းရန် လည်း ပါ၀င်သည်။

‘ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေးယန္တရား’ ကို ပထမအဆင့် အကောင်အထည်ဖော်သောအားဖြင့် ‘ပဋိပက္ခညှိ နှိုင်းဖြေရှင်းရေးအဖွဲ့’ ကို ဖွဲ့စည်းရန် နှစ်ဘက်ခေါင်းဆောင်များ မေ ၁၃ မြစ်ကြီးနားဆွေးနွေးပွဲတွင်သဘောတူ ပြီးနောက် ၁၅ ရက်အကြာတွင် ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။

၎င်း အဖွဲ့ အစည်းဝေးကို လစဉ် ပထမ အပတ်တွင် ပုံမှန် ပြုလုပ်မည်ဖြစ်ပြီး အရေးပေါ်အစည်းအဝေးများ ကိုလည်း အခြေအနေပေါ် မူတည်၍ လုပ်ဆောင်သွားရန်ရှိကြောင်း KIO ဘက်မှ တာဝန်ရှိသူတစ်ဦး ပြောပါသည်။

KIO က အောက်တိုဘာလ သဘောတူညီချက် (၁၈) ချက်ကို မြစ်ကြီးနားမြို့အနီး တဝိုက်ရှိ ၎င်း၏ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ တပ်ရင်း (၅)၊ တပ်ရင်း (၁၁) စသော တပ်ရင်းများတွင် အသေးစိတ်လုပ်ငန်းစဉ်များ ရှင်းပြလုပ်ဆောင်သွားရန် စီစဉ်ထားပြီးပြီဟု ဗိုလ်မှူးကြီး ဇော်တောင် ပြောသည်။

မေ ၂၁ ရက်နေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိင်းရေးအဖွဲ့ NCCT ကြား ပြုလုပ်သည့်အစည်းဝေးတွင် အစိုးရက တိုင်းရင်းသားများတောင်းဆိုနေသော အမျိုးသားတန်းတူအခွင့်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ကို မူအားဖြင့် လက်ခံကြောင်းပြောဆိုခဲ့သည်။

အစိုးရနှင့် KIO ကြား ဆွေးနွေးပွဲသဘောတူညီချက်များ တိုးတက်လာနေသော်လည်း ကချင်ဒေသများသို့ ပို့ထားသော မြန်မာ့တပ်မတော် စစ်အင်အား အလုံးအရင်းကို ရုတ်သိမ်းပေးခြင်းမရှိသေးကြောင်း သိရသည််။

Most read this week