လုပ်ငန်းစီစစ်မှုအားနည်း၍ စစ်တွေမြို့ ကွန်ကရစ်လမ်းမကြီး အရည်အသွေးမပြည့်မီဘဲ ပျက်စီးရဟုဆို

လုပ်ငန်းစီစစ်မှုအားနည်း၍ စစ်တွေမြို့ ကွန်ကရစ်လမ်းမကြီး အရည်အသွေးမပြည့်မီဘဲ ပျက်စီးရဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကွန်ကရစ်လမ်းမကြီးသည် လမ်းဆောက်လုပ်စဉ်က လုပ်ငန်း၏အရည်အသွေးကို သက်ဆိုင်ရာမှ စီစစ်မှုအားနည်း၍ စောလျင်စွာပျက်စီးသွားရခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက နိရဥ္စရာသို့ ပြောဆိုသည်။

စစ်တွေမြို့ရှိ လမ်းမကြီးအား ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး တည်ဆောက်ခဲ့သော လမ်းသည် မကြာမီ  အကွက်လိုက် ပျက်စီးသွားခဲ့သဖြင့် ယခုအခါ ပြန်လည် ပြုပြင်နေရသည်ဟု သိရသည်။

narinjara27051402

ထိုသို့ ပြုပြင်နေရသဖြင့် စစ်တွေလူထုအနေဖြင့် သွားလာရန်အတွက် အနှောက်အယှက်ဖြစ်နေရကြောင်း စစ်တွေမြို့မောလိပ်ရပ်ကွက် မှ အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ကပြောသည်။

“ကျွန်မတို့က စစ်တွေလမ်းမကြီးကို ကွန်ကရစ်လမ်းမကြီးအဖြစ် ပြုလုပ်တော့ အရမ်းဝမ်းသာတယ်။ အရင်က ရှိခဲ့တဲ့ ကတ္တရာလမ်းက မကြာခဏပျက်စီးတော့ ဒီလမ်းမကြီး ဒီတစ်ခါတော့  မပျက်စီးနိုင်တော့ဘူးလို့ အောက်မေ့နေတာ။ အခု တစ်လတောင်မကြာဘူး ဟိုတစ်ကွက်၊ ဒီတစ်ကွက် ပြန်ပျက်စီးသွားတယ်။ ဒီအပေါ်မှာ ကျွန်မတို့ အထူး စိတ်မသက်မသာဖြစ်ရပါတယ်” ဟု သူမက ဆိုသည်။

စစ်တွေမြို့လမ်းမကြီးမှာ ယခင်က ကတ္တရာလမ်းမတစ်ခုဖြစ်ပြီး မိုးရာသီတွင်မကြာခဏ ပျက်စီးသည့်အတွက် ကွန်ကရစ်လမ်းခင်းရန် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘက်ဂျက်ငွေအမြောက်အများချပေးခဲ့ပြီး ယင်းငွေဖြင့် စစ်တွေလမ်းမကြီးကို တည်ဆောက်ခဲ့သည်။

ယင်းကွန်ကရစ်လမ်းမကြီးမှာ အရည်အသွေးမပြည့်မီသဖြင့် ယခုချိန်တွင် စတင် ပျက်စီး လျှက်ရှိကြောင်းကို စစ်တွေမြို့မှ မြို့မိမြို့ဘ ဦးသန်းထွန်းက နိရဥ္စရာသို့ ပြောသည်။

“လမ်းက လုပ်တာမကြာသေးဘူး။ အပေါက်တွေ၊ ချိုင့်တွေနဲ့ ဖြစ်နေပြီ။ ဒီနှစ် မိုးကုန်ရင် လမ်းမကြီးကို အသုံးပြုလို့ ရနိုင်ပါ့မလားလို့တောင်စိုးရိမ်မကင်းဖြစ်မိတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနက ချပေးတဲ့ ဘတ်ဂျက်ငွေပမာဏ အများအပြားနဲ့ လမ်းကိုတည်ဆောက်ခဲ့တာဖြစ်တယ်။ အဲဒီငွေနဲ့ ထိုက်တန်တဲ့ လမ်းတစ်ခု ဖြစ်လာမယ်လို့ ထင်ခဲ့တာ။ ဆောက်လုပ်တဲ့ ကုမ္ပဏီလည်း လုပ်ချင်ရာလုပ်သွားတယ်။ ဒါပေမယ့် လမ်းရဲ့ အရည်အသွေး စံချိန် စံနှုန်းကို သက်ဆိုင်သူတွေက အသေအချာ စီစစ်မှုမရှိတဲ့အတွက် နောက်ဆုံးမှာ စစ်တွေမြို့သူ မြို့သား တွေပဲ ဒုက္ခရောက်ကြရတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ပိုပြီးအန္တရာယ် ဖြစ်စေတယ်” ဟု ဆိုသည်။

စစ်တွေတွင် ကွန်ကရစ်လမ်းမကြီး ပြုလုပ်ပြီးစီးသည်မှာအချိန်အနည်းငယ်ခန့်သာရှိသေးကြောင်း၊ သို့ရာတွင် လမ်းမှာခိုင်ခံ့မှုမရှိသည့် အတွက် ပျက်စီးနေပြီး ကွန်ကရစ်ခင်းထားသော ၄င်းလမ်းမှ သဲနှင့် ဖုန်များလွှင့်နေ သည့် အတွက် ပတ်ဝန်းကျင်ထိခိုက်မှုနှင့်အတူ လမ်းမတစ်လျှောက် နေထိုင်သူများနှင့် လမ်းသွားလမ်းလာ များ၏ မျက်စိများထဲသို့ ဖုန်မှုန့်များဝင်ကာ မျက်စိကျန်းမာရေးကိုလည်း ထိခိုက်မှုများလည်းရှိကြောင်း ဦးသန်းထွန်းက ဆက်လက် ပြောဆိုသည်။

“ခုတော့ အကျိုးဖြစ်ဖို့ထက် အကျိ်ုးယုတ်တာတွေ ဖြစ်သွားတဲ့အတွက်ကုန်ကျသွားတဲ့ငွေတွေကို နှမြောမိတာပေါ့၊ အခု လမ်းကဖုန်မှုန့်တွေ ဝင်ပြီး လူတွေ မျက်စိထိခိုက်မှုတွေဖြစ်နေကြပြီ။ ဆိုင်ကယ်နဲ့ မော်တော်ကားတွေ ဖြတ်သွားတိုင်း ကွန်ကရစ်လမ်းက သဲမှုန့်တွေ လွှင့်တက်လာပြီး ပတ်ဝန်းကျင်ကို ထိခိုက်နေတာဖြစ်ပါတယ်” ဟု သူကပြောသည်။

ကွန်ဂရက်ခင်းပြီး များမကြာမီ လမ်းမကြီးပျက်စီးနေခြင်းမှာ လမ်းဆောက်လုပ်စဉ်က စီစစ်မူ အားနည်း၍ ဖြစ်ကြောင်း စစ်တွေမြို့နယ် သုံးဘီး ဆိုင်ကယ်အသင်းဥက္ကဌ ဦးညွှန့်မောင်က ဆိုသည်။

“ကွန်ကရစ်လမ်းမကြီးရဲ့ အပေါ်ယံလွှာတွေ ပျက်စီးနေပြီ။ လမ်းပျက်စီးနေရင် ယာဉ်မောင်းတွေ၊ လမ်းသွား လမ်းလာတွေအတွက် အဆင်မပြေပါဘူး။ လမ်းမကြီးဆိုတာမြို့တစ်မြို့ရဲ့ အရေးပါတဲ့ အင်္ဂါရပ်တစ်ခု ဖြစ်တဲ့ အတွက်အမြဲတန်း ကောင်းမွန်နေဖို့လိုပါတယ်။ လမ်းတွေဆောက်တဲ့အခါမှာ အစိုးရကလည်းတာဝန်ယူပြီး တည်ဆောက်တဲ့ ကုမ္ပဏီတွေတွေရဲ့ လုပ်ဆောင်ချက်တွေကို စီစစ်ကြပ်မတ်ပေးဖို့ လိုအပ်တာပေါ့” ဟု နိရဥ္စရာသို့ ပြောသည်။

စစ်တွေမြို့ရှိ ကွန်ကရစ်လမ်းမကြီးကို(၂၀၁၃) ခုနှစ်တွင် ANC ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သို့သော်လည်း ယင်းလမ်းမကြီးအား ကွန်ကရစ်ခင်းရာတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ဘက်ဂျက်ငွေမည်မျှသုံးစွဲခဲ့သည်ကို မသိရှိရကြောင်း စစ်တွေမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

Most read this week