ဌာနေသားတွေကို စုဆောင်းရေးလုပ်တာပါ ဆိုသည့် ဗိုလ်ချုပ်ဂွန်မော်နှင့် မေးမြန်းခန်း

ဌာနေသားတွေကို စုဆောင်းရေးလုပ်တာပါ ဆိုသည့် ဗိုလ်ချုပ်ဂွန်မော်နှင့် မေးမြန်းခန်း
by -
ကေအဲန်ဂျီ

ကချင်လွတ်လပ်ရေးအဖွဲ့/တပ်မတော် KIO/KIA ကို တပ်သားသစ်စုဆောင်းနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်း သားအချို့သည် မနောကွင်းရှေ့တွင် ယမန်နေ့ညနေ ၃ နာရီ နှင့် ၄ နာရီကြားတွင် ဆန္ဒထုတ်ဖော်မှုပြုလုပ် ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော်ခဲ့သော ရှမ်းတိုင်းရင်းသားများကို KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်မှ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ၄င်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဂွန်မော်အား မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မေးခွန်းအချို့ကို မေးမြန်းထားသည်။

မေး။  ဗိုလ်ချုပ် ဒီဆန္ဒပြတဲ့သူတွေကို ခေါ်ယူတွေ့ဆုံတာ တပ်သား ပြန််လွှတ်ပေးဖို့ကိစ္စနဲ့လား။
ဖြေ။  တချို့ကတော့ ဟိုမှာ အိမ်ထောင်သွားပြီးကျတဲ့ အမျိုးသမီးတွေလည်းပါတယ်၊ ပြီးတော့ လူသေမှုနဲ့ ဆက်စပ်ပြီးတော့ အချုပ်ကျနေသူတွေလည်းပါတယ်။ တချို့ကတော့ နှစ်တွေလည်းကြာနေပြီ အရာရှိဖြစ်နေတာလည်းကြာပြီ ပြီးတော့ တချို့ကတော့ အခုမှ စုဆောင်းရေးထဲမှာ ပါသွားတာလည်း ပါတယ်။ ပြီးတော့ ဒီလိုခွဲခြားပြီးတော့ လွှတ်ပေးတာသင့်သူများကိုလည်း ပြန်လွှတ်ပေးဖို့ ကတိပေးထားတာလည်း ရှိတယ်။

မေ ၁၃ နေ့ အစိုးရနဲ့ KIO ကိုယ်စားလှယ်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် KIA စစ်သားသစ်စု ဆောင်းခြင်းနဲ့ပတ်သက်ပြီး ဆန္ဒပြကြတဲ့ ရှမ်းလူမျိုးများကို KIA ဗိုလ်ချုပ်ဂွန်မော် တွေ့ဆုံရှင်းလင်းနေပုံ။

မေး။ အခုတလော ဒီဘက်မှာ မြစ်ကြီးနားအစွန်တစ်ဝက်မှာ ဖြစ်သွားတဲ့ စုဆောင်းရေးကိစ္စကို ဗဟိုကညွန်ကြား ချက် မရှိဘူးလို့ ပြောတာကြားရတယ်။ ဒီအပေါ် ရှင်းပြပေးပါအုံး။
ဖြေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့က အစိုးရရဲ့ အုပ်ချုပ်ရေးစည်းထဲကို ၀င်ပြီးမှ ပြဿနာဖြစ်နိုင်တဲ့ အပြုအမူမျိုး မလုပ်ဖို့ညွန်ကြားထားတာ ရှိပါတယ်။ ဒါကြောင့် မို့လို့ အဲလို ကျူးလွန်တဲ့ အရာရှိများကိုလည်းဖော်ထုတ်ပြီးတော့  အရေးယူနေတာလည်းရှိပါတယ်။

မေး။  တပ်သားစုဆောင်းထားတဲ့ လူဦးရေ အတိအကျ သိချင်ပါတယ်။ ပြောပြပေးပါအုံး။
ဖြေ။  ဒီအရေအတွက်ကိစ္စကပြောရတာ နည်းနည်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ဒီတစ်ရက်နှစ်ရက် အတွင်းမှာ ဖြစ်တဲ့ ကိစ္စမဟုတ်ဘဲနဲ့ ခဏက ကြားသလိုဘဲ လွန်ခဲ့ ၂၀၁၁၊ ၂၀၁၂ ကတည်းကဖြစ်တဲ့ အမှုတွေပါတဲ့ အခါမှာကြတော့ လူဦးရေစာရင်းကတော့ အတိအကျမသိပါဘူး။ အခုတလော ဒီတပ်ရင်း (၄) ဘက်မှာ ဖြစ်တာကတော့ အဓိက ကတော့ ၀န််ထမ်း(၂)ဦး နှင့် အခြား (၅) ဦးဖြစ်ပါတယ်။ ဒါလတ်တလော ဖြစ်တဲ့ အခြေအနေပါ။

မေး။  ဒီနေ့ဒီမှာ ဆန္ဒလာထုတ်ဖော်တဲ့ သူတွေထဲမှာ အများစုကတော့ ရှမ်းလူမျိုးတွေ ဖြစ်နေပါတယ်။ နောက်တခါရော တပ်သားစုဆောင်းခံရတဲ့ ရှမ်းလူမျိုးစုများအနေဖြင့် လွှတ်ပေးဖို့လာတောင်းခံရင်ကော လွှတ်ပေးဖို့ အစီအစဉ်ရှိလား။
ဖြေ။  ရှိပါတယ်။ ရှမ်းလူမျိုးတွေချည်းပဲမဟုတ်ပါဘူး။ ကချင်လည်း ဒီလိုလာတိုင်တာရှိပါတယ်။ ဒီလိုလာပြီးတိုင်တာရှိရင် ကျွန်တော်တို့က သေသေချာချာပြန်စီစစ်ပြီး လွှတ်ပေးတာတွေရှိပါတယ်။

မေး။ KIA အနေဖြင့် လူသစ်စုဆောင်းတဲ့ အချိန်မှာ ဘယ်လိုအခြေခံ စည်းမျဉ်းစည်းကမ်းတွေ ထားပြီးတော့ စုဆောင်းပါသလဲ။
ဖြေ။ ကျွန်တော်တို့က ဌာနေသားတွေကို စုဆောင်းရေးလုပ်တာပါ။ ကြာပါပြီ။ ဘာလဲဆိုတော့ ကျွန်တော်တို့ ဌာနေသားတွေက ကျွန်တော်တို့ ဌာနေရဲ့ ကောင်းကျိုးကို လုပ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ လူ့အခွင့်အရေးတို့ ပြောလာတဲ့ အခါ ဒါတွေကို အများကြီးစီစစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ စိတ်ရင်းစေတနာအမှန်နဲ့ပါ။ သို့သော်လည်း ဒါတွေတဖြည်းဖြည်းနဲ့ ငြိမ်းချမ်းရေးကာလကို ရောက်လာလို့ ရှိရင် ဒါတွေကို ကျော်လွန်နိုင်အောင် ကြိုးစားနေပါတယ်။

Most read this week