နယ်စပ်လူကုန်ကူးမှု၌ မလေးရှားအာဏာပိုင်များ ပါဝင်နေမှုကို ဖော်ထုတ်မည်

နယ်စပ်လူကုန်ကူးမှု၌ မလေးရှားအာဏာပိုင်များ ပါဝင်နေမှုကို ဖော်ထုတ်မည်
by -
ဇော်ကြီး
မလေးရှားနယ်စပ်လူကုန်ကူးမှုတွင် ဒေသခံအာဏာပိုင်များ ပါဝင်မှုကို တရားဥပဒေဘောင် အတွင်းမှ ဖော်ထုတ် မည်ဟု မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ် ပေးရေးကော်မတီ (BWRPC)က ပြော ...

မလေးရှားနယ်စပ်လူကုန်ကူးမှုတွင် ဒေသခံအာဏာပိုင်များ ပါဝင်မှုကို တရားဥပဒေဘောင် အတွင်းမှ ဖော်ထုတ် မည်ဟု မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ် ပေးရေးကော်မတီ (BWRPC)က ပြောသည်။

မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေးကော်မတီ (BWRPC) နှင့် မလေးရှား NGO အဖွဲ့အစည်း (၄) ဖွဲ့တို့ပူးပေါင်း၍ နယ်စပ်လူကုန်ကူးမှု လုပ်ငန်းတွင် မလေးရှားအာဏာပိုင် များပါဝင်နေမှုကို ဖော်ထုတ်သွားမည်ဟု ဧပြီလ ၂၄ ရက်နေ့ထုတ် ကြေငြာချက်၌ဖော်ပြသည်။

လူကုန်ကူးမှုလုပ်ငန်းများ၌ မလေးရှားအာဏာပိုင်အဖွဲ့ အစည်းများမှ ပါဝင်ပါတ်သက်ခြင်း မရှိဟု အစိုးရ၏ ငြင်းဆိုချက်အပေါ် BWRPC တွဲဖက်အတွင်းရေးမှူး ကိုကျော်ထူးအောင်က ယခုလို ပြောသည်။

“အခုကျနော်တို့ဆီမှာ သက်သေတွေရှိနေပြီ။ ရှိနေတဲ့ ဒီသက်သေတွေကနေပြီးတော့ မလေးရှား အစိုးရအာဏာပိုင်တွေ ပါတယ်ဆိုတဲ့ အကြောင်းအရာကို ကျနော်တို့ ဒီအစိုးရကို တင်မယ်။ တင်ပြီးတော့ ဒီလူတွေဒီလူတွေပါတယ်၊ ဒီလူတွေ ဒီလူတွေကနေတဆင့် မလေးရှားအစိုးရအတွင်းမှာ ရှိနေပြီဆိုတဲ့ အကြောင်းကို ကျနော်တို့ ဖော်ထုတ်မယ်။ အဲဒီလိုအချိန်ကျတော့မှ အစိုးရ ဖက်ကနေ ပြီးတော့ ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ တချက်စောင့်ကြည့်ရမှာပေါ့နော်။ အခုလတ်တလော ကတော့ သူတို့က မပါဘူးလို့ ငြင်းထားတယ်ဗျာ။ ငြင်းထားတော့ အဲဒီ ငြင်းထားတဲ့ အချက်ကို ကျနော် တို့က သူတို့ကိုပြန်တိုက်ရမယ်။ လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့အထိ သက်သေတွေဘာတွေနဲ့ ကျနော် တို့ကို ငြင်းလို့မရအောင်ပြန်လုပ်ရမယ်။”   

လူကုန်ကူးမှုနှင့်ပါတ်သက်သည့် အချက်အလက်စုဆောင်းမှုကို BWRPC ကတာဝန်ယူ ဆောင်ရွက်ပြီး ဥပဒေ ပိုင်းဆိုင်ရာကိစ္စများနှင့် အစိုးရထံတင်ပြမှုတို့ကို မလေးရှား NGO အဖွဲ့ ၄ ဖွဲ့ကတာဝန်ယူ ဆောင်ရွက် မည်ဖြစ်သည်။

လူကုန်ကူးသည့်လုပ်ငန်းအား တိုက်ဖျက်ခြင်းကြောင့် ကြံုတွေ့နိုင်သည့် အခက်အခဲများ အား ၎င်းတို့အနေနှင့် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ကိုကျော်ထူးအောင်က ဆက်ပြောသည်။

“ဖြစ်ဖြစ််မြောက်မြောက်ဖြစ်သွားအောင်လည်း ကျနော်တို့လုပ်မယ်ဗျာ။ ဘယ်လိုလူမျိုးကပဲ ဘယ်လိုပဲ တုန့်ပြန်လာ တုန့်ပြန်လာ ကျနော်တို့ အနေနဲ့က ဒီကိစ္စကို လုပ်ကိုလုပ်သွားမယ်။ ဘာကိုမှကျနော်တို့ သိပ်ပြီးဂရုမစိုက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူမှောင်ခိုကူးတဲ့ ကိစ္စဟာ အခုဒီမှာ တော်တော်လေးကိုဆိုးနေပြီ။ ဆိုးနေတယ်ဆိုတာတောင်မှ ဘယ်လူမျိုးမှ မခံရဘူး။ ကျနော်တို့ ဗမာလူမျိုးတမျိုးပဲ ခံရတယ်ဗျာ။ အဲဒီတော့ ဒီကိစ္စကိုကျနော်တို့ဖြစ် အောင်လုပ်မယ်။”   

လက်ရှိ လူကုန်ကူးခံရသူ တယောက်၏ စျေးနှုန်းမှာ မလေးရှားငွေ ၂၅ဝဝ မှ ၂၈ဝဝ ကြားတွင်ရှိပြီး  BWRPC အဖွဲ့မှကောက်ယူရရှိသည့် စာရင်းများအရ မလေးရှားနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာနိိုင်ငံသား ၃ဝဝ ကျော်ခန့်ရှိသည်ဟု ကြေညာချက်တွင် ပါရှိသည်။

မလေးရှားအစိုးရမှ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေကို ၂ဝဝ၇ ခုနှစ်အောက်တိုဘာလက အတည်ပြု ပြဌာန်းခဲ့သည်။

လူကုန်ကူးမှုများ၌ မလေးရှားအစိုးရအရာရှိများကိုယ်တိုင် ပါဝင်ပါတ်သက်နေသည်ဟု အမေရိကန် အထက် လွတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာအသစ်၌ ဖော်ပြထားကြောင်း ယနေ့ထုတ် ဗွီအိုအေ သတင်းတပုဒ်၌ဖော်ပြထားသည်။

Most read this week