ကချင်တမျိုးသားလုံး၏ရန်သူ ဖြစ်သော မူးယစ်ဆေးဝါးကို တိုက်ဖျက်မည်

ကချင်တမျိုးသားလုံး၏ရန်သူ ဖြစ်သော မူးယစ်ဆေးဝါးကို တိုက်ဖျက်မည်
by -
ကေအဲန်ဂျီ

ကချင်တမျိုးသားလုံး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ သတ်မှတ်ခြင်းနှင့်အတူ မူးယစ်ဆေးဝါးသည် ကချင်တမျိုးသားလုံး၏ စစ်ဖြစ်ကြောင်း ကြေညာသည့် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူူမနောကွင်းတွင် ဧပြီလ ၂၅ ရက်နံနက် ၈ နာရီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကချင်တမျိုးသားလုံးမူးယစ်ဆေးဝါးကင်းစင်စေရန် ဘာသာရေးအသီးသီး၊ လူမှုအဖွဲ့အစည်းများအသီးသီး နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့မှ မိမိတို့အစီအစဉ်များဖြင့် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် နေသော်လည်း ထိရောက်မှုနည်းသောကြောင့် အားလုံးတစ်စုတစ်စည်းတည်းဖြင့် ဆောင်ရွက်ပါက ပိုမိုထိရောက် နိုင်မည်ဟု ယူဆကာ အစီအစဉ်များရေးဆွဲခဲ့ကြောင်းသိရသည်။

ဧပြီ ၂၅ နေ့ လိုင်ဇာ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနား။

“ကချင်တမျိုးသားလုံးများကို သွေးအေးအေးဖြင့် တိုက်ခိုက်နေတဲ့ ရန်သူကို ကချင်တမျိုးသားလုံး သုံးစွဲ နေတာ နှစ်တော်တော်ကြာသွားပြီ ဒါကြောင့် အခုချိန်မှာက ကချင်လူ့အဖွဲ့အစည်းများအားလုံးက ပြန်လည်တိုက်ဖျက်တဲ့ အစီအစဉ်ကိုလုပ်ကြရအောင်ဆိုပြီး ဆွဲကြတယ်၊ ဒီအစီအစဉ်ကိုဘယ်အချိန်စတင် မလဲဆိုပြီး ရက်ရွေးကြတာနဲ့ ဧပြီ ၂၅ ရက်နေ့မှာစတင်ရအောင်ဆိုပြီး ကချင်တပြည်လုံးအတိုင်းအတာ ဒီနေ့ကို ကချင်တမျိုးသားလုံးရဲ့ တရားဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်တယ်” ဟု ကချင်တမျိုးသားလုံး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာအင်ခွမ် တန်ဂွန်း  က ပြောသည်။

မူးယစ်ဆေးဝါးသည် ဘာသာရေးအမြင်ဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်သော်လည်း ကောင်း၊ တရားဥပဒေအရ သော်လည်းကောင်း၊ နိုင်ငံတကာဥပဒေအရ သော်လည်းကောင်း ဆန့်ကျင် သောလုပ်ငန်းဖြစ်ပြီး၊ လူသားအားလုံးကိုလည်း နှောက်ယှက်ဖျက်ဆီးနေသောကြောင့် မူးယစ်ဆေးဝါးအား ရန်သူအဖြစ် သတ်မှတ်တိုက်ဖျက်ရန်လိုအပ်လာကြောင်း ဆရာတန်ဂွန်း  က ဆိုသည်။

“မူးယစ်ဆေးဝါးဟာ လူသားအနေနဲ့ လူငယ်များကို ဖျက်ဆီးနေတဲ့ ရန်သူလည်းဖြစ်တယ်၊ သူဟာ ကိုယ်ခန္ဒာ ကိုယ်အားလုံးကို ဆွေးမြေ့အောင်ဖျက်ဆီးပြီး၊ ရှိသမျှပစ္စည်း စည်းစိမ်အားလုံးကို ကုန်ဆုံး စေတယ်၊ အိမ်ထောင်တစ်ခုမှာ မူးယစ်ဆေးသုံးစွဲတဲ့သူတစ်ယောက်ရှိတယ်ဆိုရင် အိမ်ထောင်ရဲ့ ပစ္စည်း စည်းစိမ်အားလုံး ကုန်ဆုံးသွားစေတယ်၊ ပတ်ဝန်းကျင်းတွေမှာလည်း ခိုးယူ လုယက်မှုတွေ ဖြစ်စေတယ်၊ ထိခိုက်ဆုံးရှုံးမှု ရှိလာတယ်၊ ဘယ်ဘက် ကကြည့်ကြည့် အလွန်အင်မတန် ကြောက်စရာကောင်းလာတဲ့အတွက် မူးယစ်ဆေးဝါးကို တမျိုးသားလုံးရဲ့ရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ရခြင်းဖြစ်တယ်” ဟု ၄င်းကဆိုသည်။

သို့သော်မူးယစ်ဆေးဝါးအား ဆေးဝါးအဖြစ် အသုံးပြုနိုင်သော်လည်း ကချင်ပြည်နယ်၏ တချို့ဒေသများတွင် ဆေးဝါးအဖြစ်အသုံးပြုသူများက ရှားပါးပြီး ၄င်းအားမြိန်းမူးစေအောင် အလွန်အကျွံသောက်သုံးစွဲကာ လူသားများကို အသက်သေစေသော ဘေးအန္တရာယ်ပြုလာစေကြောင်းလည်းသိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ကချင်ပြည်သူများအားလုံးပါ၀င်ပြီး၊ မိမိတို့နှင့် သက်ဆိုင်သော ဘာသာရေးအဆုံးအမများဖြင့််ခံယူကာ တိုက်ဖျက်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းအောင်မြင်နိုင်မည် ဖြစ်ကြောင်းလည်း ဆက်ဆိုခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်၏ မူးယစ်ဆေးဝါးသုံးစွဲမှုအများဆုံးဒေသများမှာ ဖားကန့်၊ ဟိုပင်၊ ဟူးကောင်းချိုင့်ဝမ်း တနိုင်း၊ မြစ်ကြီးနား၊ စဒုံး၊ ပူတာအို၊ ရှမ်းပြည်နယ်များဖြစ်ပြီး၊ ၄င်းဒေသများအပြင်ဒေသကြီး တစ်ဆယ့်နှစ်ခု အား သတ်မှတ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျတ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ မြစ်ကြီးနားမြို့စီတာပူမနောကွင်းတွင် ကျင်းပသောအခမ်းအနားတွင်း ဘာသာရေးပေါင်းစုံမှ အကြီးအကဲများ၊ အသင်းသားများ၊ လူငယ်ခေါင်းဆောင်များ၊ ကချင်လူမှုအဖွဲ့အစည်းများ၊ ကချင်ပြည်နယ်မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များနှင့် ကချင်တက္ကသိုလ်ကျောင်းသားအဖွဲ့များ အားလုံး လူဦးရေ ၂ ထောင်ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဧပြီလ ၂၅ ရက်နေ့တွင် ဘာသာရေးအဖွဲ့အစည်းအချို့များကလည်း မိမိတို့နှင့် သက်ဆိုင်သော ဘုရား ရှိခိုးကျောင်းများတွင် မူးယစ်ဆေးဝါးသည် ကချင်တမျိုးသားလုံး၏ ရန်သူဖြစ်ကြောင်း ကြေညာသည့် အခမ်း အနားများ ကျင်းပခဲ့ကြောင်းသိရသည်။

Most read this week