ဘမ်ခုန်ယန်ကျေးရွာ KIA အုပ်ချုပ်ရေရုံးကို အစိုးရသိမ်းပိုက်

ဘမ်ခုန်ယန်ကျေးရွာ KIA အုပ်ချုပ်ရေရုံးကို အစိုးရသိမ်းပိုက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း ၂၇ ဒေသ ဥလန်ပါမြို့နယ် ဘမ်ခုန်ယန်(Bang Hkung Yang)ကျေးရွာရှိ KIO အုပ်ချုပ်ရေးရုံးအား ဧပြီလ ၁၀ ရက် ညနေ ၆နာရီချိန် အစိုးရတပ်မှ သိမ်းပိုက်လိုက်ကြောင်းသိရသည်။

အစိုးရခြေလျင်တပ်ရင်း ၆၉ အင်အား ၁၀၀ ကျော်သည် လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် KIO မှ နောက် ဆုတ်လိုက်ခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၂၇ ဒေသ KIO အရပ်ဖက်အုပ်ချုပ်ရေးမှူး လရှီလဆိုင်း (D.O) KNGကချင်သတင်းဌာနသို့အတည်ပြုပြောသည်။

“အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ စာရေးများ ၄ ယောက်ရှိစဉ်လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ် လာလို့ နောက်ဆုတ်ခဲ့တာ” ဟုဆိုသည်။

၎င်းအစိုးရတပ်သည် KIO စခန်းအားသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးရုံးအနီးတဝိုက်လှုပ်ရှားနေပြီး ဧပြီလ ၁၁ ရက်နံနက် ၈ နာရီခွဲချိန် မော်ရွှေ (MawShwi) တွင် KIA တပ်ရင်း ၁၂ နှင့် ၁၀ မိနစ်ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း KIO အရာရှိများပြောသည်။

ထို့ပြင် အစိုးရတပ်မ ၈၈ စစ်ကြောင်း ၃ ကြောင်းသည် ယမန်နေ့မှလက်နက်ကြီးများဖြင့် ပြင်းထန်စွာပစ်ခတ် တိုက်ခိုက်လာ သောကြောင့် ယနေ့ ၁နာရီခွဲချိန် KIA တပ်ရင်း ၂၇ လှုပ်ရှားနေရာ ၂ ခု နောက်ဆုတ်လိုက် ကြောင်းKIA ရှေ့တန်းမှ ပြောသည်။

ယနေ့နံနက် ရ နာရီချိန်မှ စတင်သောပြင်းထန်တိုက်ပွဲသည် နားလုံဘွမ် (Na LungBum)၊ နောင်းလုပ် (Nawng Luk)၊ ကျားကောင်းတောင်နှင့် ခခေရွာအောက်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၁ နာရီခွဲချိန်တွင် နားလုံဘွမ်နှင့်ကျားကောင်းတောင်အား နောက်ဆုတ်လိုက်ကြောင်း KIA အရာရှိများပြောသည်။

အစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပြင်းထန်စွာတိုးစစ်တိုက်ခိုက်သောတိုက်ပွဲတွင် KIA မှ ၄ ဦး ထိခိုက်ဒဏ်ရာ ရှိပြီးကျဆုံးမှုမရှိကြောင်း၊ အစိုးရတပ်မှ ကျဆုံးဒဏ်ရာရရှိမှုရှိသော်လည်း တိကျမသိသေး ကြောင်း တပ်ရင်း ၂၇ ဒေသ KIO အရပ်ဖက်အုပ်ချုပ်ရေးမှူးလရှီလဆိုင်း (D.O) ပြောသည်။

ဧပြီလ ၁၀ ရက်နေ့မှ စတင်ဖြစ်ပွားသောတိုက်ပွဲကြောင့်  တိမ်းရှောင်လာသောလဂါတ်ယန်ဒုက္ခသည်စခန်းနှင့် ရွာသားများသည် ၂ ထောင်ကျော်ရှိနေပြီး တရုတ်ပြည်နောင်းတောင်မြို့ ကောင်းချန်းတွင် ၁ ထောင် ကျော်ထွက် ပြေးတိမ်းရှောင်လာကြောင်းသိရသည်။

ထွက်ပြေးတိမ်းရှောင်းသူများသည် မန်ဝင်းတွင် နေရာထိုင်ခင်းနှင့်လုံခြံုရေးကြောင့် စစ်ပြေးအချို့သည် ရှမ်းပြည်ဘက်ခြင်း နမ့်ခမ်းသို့တိမ်းရှောင်နေကြောင်းသိရှိရသည်။ နှစ်ဖက်တင်းမာမှုနှင့်ပတ်သက်၍ အစိုးရဖက်မှ အတည်ပြုချက်မရသော်လည်း အစိုးသတင်းစာတွင် သန်းခေါင်စာရင်းကောက်ခံမှုပိတ်ပင်ထားသော KIO နယ်မြေများတွင် စစ်တပ်အင်အားဖြင့် ၀င်ရောက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အစိုးရတပ်သည် သန်းခေါင်စာရင်းခေါင်းစဉ်ဖြင့် KIA  တပ်ရင်း ၂၇ ဒေသသို့စစ်အင်အားတိုးချဲ့လှုပ်ရှား နေခြင်းဖြစ်ပြီး တရုတ်နယ်စပ် နောင်းတောင်တံတား ဘန်ခမ်းဂိတ် (Bang Hkam) အားသိမ်းပိုက်ရန် လက်နက်ကြီးများဖြင့်တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း တပ်ရင်း ၁၂ မှ KIA မှ ပြောသည်။

Most read this week