အစိုးရစစ်ကြောင်း ၀င်ရောက်လာခြင်းကြောင့် KIA ပယင်းမှော် ပိတ်

အစိုးရစစ်ကြောင်း ၀င်ရောက်လာခြင်းကြောင့် KIA ပယင်းမှော် ပိတ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဟူကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ပယင်းမှော်သို့ မြန်မာအစိုးရစစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် ပယင်းတူးဖော်မှု ရပ်တန့်သွားပြီးမှော်ထဲရှိ လူများ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများမှသိရသည်။

ကချင်အခေါ် ပတ်မှော် (Pat Maw) ပယင်းမှော်သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၂) လက်အောက် တပ်ရင်း ၁၄ နယ်မြေ တနိုင်းမြို့နယ် Nam Byu ဒေသတွင်ရှိသည်။

တနှိုင်းပယင်းမှော်မှ ထွက်ပြေးတိမ်းရှောင်နေသူများ

အဆိုပါ ပယင်းမှော်တွင် ဖားကန့် ကျောက်စိမ်းမှော်ကဲ့သို့စည်ကားကာ လူကြိုက်များလာသော အဖိုးတန် ပယင်း အဓိက ထွက်ရှိသည့် မှော် ၃ ခုမှာ ချမ်းသာမှော်၊ ညောင်ပင်ကုန်းမှော်နှင့် ဇီးဖြူမှော်တို့ဖြစ်ကြသည်။

အဆိုပါ နေရာတွင် ဧပြီ ၄ ရက်နေ့မှ  အစိုးရတပ် အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းနှစ်ကြောင်း မှော်ထဲသို့ ဝင်ရောက်လာပြီး KIA တပ်ရင်း ၁၄ နှင့် အပြန်အလှန်ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားမှုကြောင့် လူများထွက် ပြေးသွား ကြခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရတပ်ကနေ မှော်ထဲမှာ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်လာလို့ မှော်ကလူတွေ အားလုံး ထွက်ပြေးသွား တယ် နှစ်ဖက်တပ်ကနေ ပစ်ခတ်ဖို့ အတင့်အနေအထားမှာရှိနေတယ်လို့ပြောတယ် ညဒီနေ့ကဘာမှ မသိသေးဘူး”  ဟု မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ဦးအင်ရှန်းဆန်အောင် KNG ကချင်သတင်းဌာနသို့ပြောသည်။

ချမ်းသာမှော်တွင် တပ်စွဲထားသော ဒကစ- ၂ (တနိုင်း) လက်အောက် ခလရ ၈၆ နှင့် တပ်မ ၆၆ ခလရ ၈၀ တပ်များသည် အနီးရှိ KIA ညောင်ပင်ကုန်းစခန်းသို့ ချဉ်းကပ်လာစဉ် အချိန်တို အပြန်အလှန် သတိပေး
ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု KIA တပ်မဟာ (၂) ထိပ်ပိုင်းအရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

ယခုချိန် မှော်ထဲတွင် စက်ပစ္စည်းစောင့်သူများမှအပ လူအများစုသည် မိမိနေအိမ်ပြန်သွားကြပြီဖြစ်ပြီး အချို့မှာ တနိုင်းမြို့ တွင် ခိုလှုံနေကြောင်း သိရသည်။ ဧပြီ ၄ ရက်နေ့မှ စပြီး တနိုင်း ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းတွင် ခိုလှုံနေသော လူ ၂၀၀ ကျော်၊ ကချင်ရိုးရာမနောကွင်းတွင် ၄၀၀ ကျော်နှင့် ဘုန်းကြီးကျောင်းတွင်
၆၀၀ ကျော်ရှိကြောင်း KIA အရာရှိကဆိုသည်။

စစ်ရှောင်ခိုလှုံသူများတွင် စျေးသည်များ၊ ကျင်းပိုင်ရှင်များ၊ စက်ပစ္စည်းပိုင်ရှင်များနှင့် ကျင်းသားများပါဝင်သည်။ ၎င်းတို့သည် ဧပြီလ ၁၀ ရက်သန်းခေါင်စာရင်းကောက်ယူပြီးနောက် မှော်တို့ ပြန်လာနိုင်မည်ဟု မျှော်လင့်နေ ကြ ကြောင်းသိရသည်။

ယပယင်းမှော်သို့အစိုးရတပ်များ ဝင်ရောက်လှုပ်ရှားမှုမပြုသေးမီ သန်းခေါင်စာရင်းကောက်သည့် ကာလနီး လာခြင်းကြောင့် လူများကိုယ့်သဘောနှင့်ကိုယ် အိမ်ပြန်သွားကြရန် အစောပိုင်းက KIA စစ်သားများ သတိပေး ပြောကြားခြင်း ရှိသည်ဟု မှော်မှပြန်လာသော မြစ်ကြီးနားဒေသခံများပြောသည်။

ထိုသို့ သတိပေးပြီးနောက် လူအများစု မိမိနေအိမ်သို့ ပြန်သွားကြပြီဖြစ်သော်လည်း အစိုးရတပ်နှင့် အပြန်အလှန် သတိပေးပစ်ခတ်ချိန်ထိ ၁ ထောင်ကျော်ကျန်နေသေးသည်ဟု KIA အရာရှိကဆိုသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း Nam Byu ပယင်းမှော်တွင် မြန်ပြည်အနှံမှ လာရောက်တူးဖော်သူများလာပြီး ၎င်းတို့တွင် အများစုမှာ လီဆူနှင့်ရခိုင်လူမျိုးများဖြစ်ကြောင်း သိရှိရသည်။

တပ်မတော် စစ်ကြောင်းများ ကချင်ပြည်နယ် KIA နယ်မြေ ပယင်းမှော်များသို့ ရောက်ရှိလာခြင်းကြောင့်နှစ်ဖက် တပ်ကြား စစ်ရေးတင်းမာနေသော်လည်း တိုက်ပွဲ မရှိသေးကြောင်း သိရသည်။

Most read this week