မစ္စတာဗီဂျေးနမ်ဘီးယား KIO ဌာနချုပ်သို့ လာရောက်ကာ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့

မစ္စတာဗီဂျေးနမ်ဘီးယား KIO ဌာနချုပ်သို့ လာရောက်ကာ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့
by -
ကေအဲန်ဂျီ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား သည်  ဧပြီ ၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်လိုင်ဇာ သို့ရောက်ရှိလာပြီး ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိစ္စဆွေးနွေးခဲ့ကြောင်း KIO အရာရှိများပြောသည်။

မစ္စတာဗီဂျေးနမ်ဘီးယားနှင့် Miss မေရီရမ်တို့သည် KIO ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးရန်နှင့် ယုံကြည်မှု တည်ဆောက်သည့်သဘောအနေဖြင့် ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်ဟု လိုက်ပါပို့ဆောင်သူ  မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ PCG မှ ဦး Nshang San Awng က KNG ကချင်သတင်းဌာန သို့ပြောသည်။

kng 04041401

အဆိုပါ ဆွေးနွေးမှုတွင် အဓိက စစ်ရေးနှင့်ပတ်သက်၍ အစိုးရနှင့် KIO ကြား မယုံကြည်နိုင်သည့် တင်းမာမှုအခြေအနေများစွာရှိနေကြောင်း သဘောတူထားသည့်အရာများကို လက်တွေ့ လုပ်ဆောင်ရာတွင် အားနည်းနေကြောင်း KIO မှရှင်းပြခဲ့သည်ဟု ဆိုသည်။

ထိုအခြေအနေများကို မစ္စတာ ဗီဂျေးနမ်ဘီးယားက “UN၊ တရုတ်ပါဝင်လာပြီဖြစ်ကြောင်း၊ခက်ခဲမှုမယုံကြည်နိုင် မှု များ ရှိနေသော်လည်း ရှေ့သို့သွားနေပြီ ဖြစ်သောကြောင့် ငြိမ်းချမ်းရေးသို့ အရောက်လှမ်းနိုင်မည်ကို ယုံကြည်ကြောင်း၊ စိတ်ရှည်စွာ ဆက်လက်ပြီးကြိုးစားသွားရန်ပြောဆိုခဲ့သည်" ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း ဦး Nshang San Awng ပြောသည်။

မစ္စတာဗီဂျေးနမ်ဘီးယားသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့နှင့်အတူ ယမန်နေ့ နေ့လည် ၁၁ နာရီချိန်တွင် လိုင်ဇာ ဗဟိုဌာနချုပ်သို့ရောက်ရှိလာခြင်းဖြစ်ပြီး စစ်ရုံး (Padang Rung) တွင် KIO ခေါင်းဆောင်ပိုင်းအားလုံးနှင့် ၄ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ယမန်နေ့ည လိုင်ဇာဟိုတယ်တွင် တည်းခိုပြီး  ဧပြီလ ၃ ရက်နံနက်တွင် ဗဟိုဌာနချုပ်မှ ထွက်ခွာခဲ့ကြောင်းသိရှိရသည်။

ယခုခရီးစဉ်တွင် ဗဟိုဌာနချုပ်အနီးရှိ စစ်ပြေးဒုက္ခသည်စခန်းများသို့ လေ့လာခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံရှိ လက်နက်ကိုင်တော်တပ်ဖွဲ့များကြား ပြဿနာများကို လာမည့် ဧပြီလ ၂၄ ရက်တွင် နယူးယောက်မြို့မှာကျင်းပမည့် UN အစည်းဝေးတွင် မစ္စတာဗီဂျေးနမ်ဘီးယားမှ ဆွေးနွေးတင်ပြ
သွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

KIO ထိန်းချုပ်နယ်မြေ ဗဟိုဌာနချုပ်သို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား၏ ယခုခရီးစဉ်သည် ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week