KDP ကို ‘ကချင်အမျိုးသား အားလုံးပါ၀င်သော နိုင်ငံရေးပါတီကြီး’ အဖြစ် ပြောင်းလဲဖွဲ့စည်း

KDP ကို ‘ကချင်အမျိုးသား အားလုံးပါ၀င်သော နိုင်ငံရေးပါတီကြီး’ အဖြစ် ပြောင်းလဲဖွဲ့စည်း
by -
ကေအဲန်ဂျီ

ကချင်ဒီမိုကရက်တစ်ပါတီ (KDP) သည် ကချင်ပြည်သူများလက်သို့ မတ် ၁၃ နေ့က အပ်နှံခြင်းပြုလုပ်ပြီးနောက် ကချင်အမျိုးသားများ အားလုံးပါ၀င်သော ‘ကချင်နိုင်ငံရေးပါတီကြီး’ အဖြစ် ကချင်လူမှုအဖွဲ့အစည်းများနှင့် သဘောတူ ဖွဲ့စည်းလိုက်သည်။

မဒီရာဟိုတယ်တွင် ကချင်ပါတီများ ၁ ခုတည်း ပေါင်းစည်းရေး ဦးဆောင် စည်းရုံးလုပ်ဆောင်နေသည့် ဖားကန့်မြို့နယ် ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့မှ ကြီးမှူးပြုလုပ်သော မြစ်ကြီးနားမြို့ ကချင်လူမှုအဖွဲ့အစည်းအသီးသီးမှ လူ ၃၀ ကျော်နှင့် ၂ နာရီကျော်ကြာ အစည်းဝေးတွင် ဆွေးနွေး၍ KDP (Kachin Democratic Party) ကို ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်ကြောင်း တက်ရောက်သူများကပြောသည်။

ဦးအောင်ခမ်း (ဘယ်) နဲ့ ဆရာ လတောင်

ထိုသို့ လူထုသဘောတူညီမှုဖြင့် ဖွဲ့စည်းလိုက်ခြင်းအပေါ် အားရမှုရှိကြောင်း ဖားကန့်မြို့နယ် ပြည်သူ့အသံထုတ်ဖော်ရေးအဖွဲ့ ကော်မတီ ဥက္ကဌ ဆရာလတောင် ကပြောသည်။

ဆရာလတောင်က“ကျွန်တော်တို့ လူမျိုးများအားလုံးအတွက်ရပ်တည်လာမယ့် ပါတီတခုကို အားလုံးက စိတ်ပါ၀င်စားမှုအပြည့်နဲ့ ၀ိုင်းဝန်းဆွေးနွေးပေးတာက ကျွန်တော်တို့အားလုံးအတွက် အောင်မြင်ခြင်းကိုဦးတည်လာတဲ့ အခွင့်အလမ်းတခုဖြစ်တယ်လို့ မြင်တယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် ကချင်အမျိုးသားများ အားလုံးပါ၀င်သော KDP ပါတီ ခေါင်းဆောင်သစ်များနှင့် အလုပ်အမှုဆောင်ကော်မတီ (Executive Committee) ကို လာမည့် ဧပြီလအတွင်း ထပ်မံပြုလုပ်မည့် ဆွေးနွေးပွဲတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

KDP ပါတီကို ပြီးခဲ့သည့် ၂၀၁၃ ဒီဇင်ဘာလ မှာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ချပေးခဲ့သည့်နောက် ပါတီလုပ်ငန်းများကို လူထုနှင့်အတူလက်တွဲလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချဆောင်ရွက်လာခြင်းအပေါ် ပါတီဦးဆောင်ထူထောင်သူ ဦးအောင်ခမ်းက ပြောသည်။

ဦးအောင်ခမ်းက "ကချင်ပြည်သူများလက်သို့ အပ်နှံလိုက်ခြင်းက ကျွန်တော််တို့ပါတီက ကချင်ပြည်သူများနဲ့အတူ လုပ်ဆောင်သွားရင် အရာရာတိုင်းမှာ အောင်မြင်မယ်လို့ ခံယူတယ်အတွက်ကြောင့် ကချင်ပြည်သူတွေကို အပ်တယ် ကချင်ပြည်သူတွေနဲ့ အလုပ်အတူတူလုပ် ချင်တယ် ပန်းတိုင်ရောက်လာမယ် မဟုတ်ရင် ကျွန်တော်တို့သာလုပ်ရင်ဖြစ်လာမှာမဟုတ်ဘူး ကွဲပြားလာမယ် အဲ့ဒီတွက်ကြောင့် ကချင်ပြည်သူများနဲ့အတူ လုပ်ဆောင်မယ်ဖြစ်တဲ့အတွက်ကြောင့် ကချင်ပြည်သူများထံအပ်ပြီး အတူလုပ်ဆောင်လာခြင်းဖြစ်တယ်"ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ပါတီများ ၅ ခုရှိသည့်အနက် အစိုးရနှင့်ဆက်စပ်မှုမရှိပဲ လူထူသီးသန့်ထူထောင်သော ကချင်နိုင်ငံရေးပါတီ များသည် ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်ပါတီ (KNCD)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)နှင့် လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (LNDP) တို့ဖြစ်ကြောင်းသိရသည်။

KNCD နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒု-ဥက္ကဌ ဟောင်း ဒေါက်တာ တူးဂျာ ဦးဆောင်သော KSDP က ကချင်ပါတီများ ပေါင်းစည်းရေးကို မလက်ခံသေးကြောင်း သိရသည်။

KNCD ပါတီ၏ ဇန္နဝါရီလ ၃၀ ရက်နေ့ ကြေညာချက်ထုတ်ပြန်တွင် ပါတီပေါင်းစည်းရေးအား “KNCD ပါတီသည် ၁၉၄၉ ခုနှစ်မှ စတင်တည်ထောင်စဉ်အချိန်မှ ယနေ့ထိတိုင် အခြားသောနိုင်ငံရေးပါတီများနှင့် ယှဉ်တွဲ အလုပ်လုပ်ကိုင်ခြင်း မရှိကြောင်း ပေါင်းဖက်ရောယှက်သော အစဉ်အလာမရှိ သကဲ့သို့ အနာဂတ်အချိန်တွင်လည်း ပေါင်းဖက်ရန်အစီအစဉ်မရှိကြောင်း” ဟု ဆိုထားသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ခေါင်းဆောင် ဒေါက်တာတူးဂျာပါတီ လည်း “ကချင်ပါတီများ ပေါင်းစည်းမှုကို မူ အားဖြစ်လက်ခံသော်လည်း လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှ ပြန်လည်စဉ်းစားနိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ မြစ်ကြီးနားမြို့ ပါတီပေါင်းစည်းရေးဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်။

သို့သော် ကချင်ပြည်နယ်လူထုအကျိုးအတွက်ပေါင်းစည်းရေးကို ဆောင်ရွက်နေသော ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ (ဖားကန့်မြို့နယ်) သည် ပါတီအားလုံး ၁ ခုတည်းဖြစ်ရန် အချို့က လက်မခံသော်လည်း ပေါင်းစည်းမှုကို လက်ခံထားသော KDP ပါတီ အဖွဲ့အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဖားကန့် မြို့နယ်အပြင် အခြားကချင်ဒေသအားလုံးတွင် မဲပေးကြရန် စည်းရုံးသွားမည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော် အမှုတော်ဆောင် တဦးလည်းဖြစ်သူ ကော်မတီ ဥက္ကဌ ဆရာလတောင် KNG ကချင်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

Most read this week