တရုတ်၏ စီးပွားရေး ချဲ့ထွင်မှုကြောင့် ရှမ်းအရှေ့ပိုင်းမှ ပြည်သူများ အခက်တွေ့

တရုတ်၏ စီးပွားရေး ချဲ့ထွင်မှုကြောင့် ရှမ်းအရှေ့ပိုင်းမှ ပြည်သူများ အခက်တွေ့
by -
ခွန်အောင်မြတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး သြဇာချဲ့ထွင်လာမှုကြောင့် ဌာနေ ဒေသခံများ အလွန်ဆိုးဝါးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေရသည်ဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန် ...

ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှေတြိဂံဒေသအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး သြဇာချဲ့ထွင်လာမှုကြောင့် ဌာနေ ဒေသခံများ အလွန်ဆိုးဝါးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေရသည်ဟု လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။

(Undercurrents – Monitoring Development along Burma's Mekong) အမည်ရှိ အစီရင်ခံစာ ထုတ်ရခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်ရေးသားပြုစုခဲ့သည့် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ဒါရိုက်တာ ဦးဂျဖက် ဂျကူ က အခုလို ပြောသည်။

“အခုဒီဟာ ကျနော်တို့ထုတ်ခြင်းအားဖြင့် ကျနော်တို့ တိုင်းရင်းသားအချင်းချင်းလည်း သူတို့ ပိုသိလာမယ်။ အော် ရခိုင်မှာ ဒုက္ခရောက်သလို အရှေ့ဖက်မှာ ကျနော်တို့ လူထု ကလည်း ဒုက္ခရောက် နေပါလားနော်။ ဘယ်လိုဖြေရှင်းမလဲ၊ ဒီမိုကရေစီရအောင် ဘယ်လို လုပ်မလဲ၊ ဒီတခု ကျနော်တို့ မြင်လာတယ်။ နောက်ပြီးတော့ သဘာဝပျက်ဆီးမှုဟာ ဗမာပြည်ထဲမဟုတ်ဘူး နိုင်ငံတကာလည်း ဒီသဘာဝဖျက်ဆီးမှု ရာသီဥတုပြောင်းလဲမှုကို သူတို့ သိပ်အာရုံစိုက်လာနေတဲ့အချိန် ဒီမှာ တကယ် ဖြစ်နေတာက ကျနော်တို့ ဒေသနော်။ ရေကြီးတာ ဘုရားသခင်လုပ်တာ မဟုတ်ဘူး၊ နေပူတာ ဘုရားသခင်လုပ်တာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျနော်တို့ မလုပ်လုပ် လုပ်အောင် နအဖက ခိုင်းလို့ ပြီးခဲ့တဲ့ တနှစ်မှာ တာချီလိတ်တနယ်လုံးမှာ သူတို့တောခုတ်ခိုင်းတယ်ဗျ၊ မီးရှို့ခိုင်းတယ်ဗျ၊ အဲတော့ ကီလိုသုံးရာရှိတဲ့ ချင်းမိုင်ရော လေမသန့်ရှင်းမှုနဲ့ ကျနော်တို ဒုက္ခဖြစ်တယ်နော်။ အဲတော့ ဒီဒုက္ခက မနည်းဘူးဆိုတာ လူတိုင်းသိအောင် ကျနော်တို့ လိုချင်တယ်နော်။”

တရုတ်နိုင်ငံတွင် ရာဘာစိုက်ပျိုးမှုကြောင့် ကျေးရွာသားများ အတင်းအဓမ္မပြောင်းရွေ့ခံရပြီး အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံရမှု၊ တောရိုင်းတိရိစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှု တိုးများလာသည့်အတွက် ဆင်၊ ကျား ကောင်ရေများ လျော့ကျလာပြီး အခြားတိရိစ္ဆာန်များ လည်း မျိုးပြုန်းနီးပါး ဖြစ်နေမှု၊ တရုတ်နိုင်ငံမှ မဲခေါင်မြစ်မကြီး အထက်တွင် ရေကာတာ များစွာ တည်ဆောက်မှုကြောင့် မြစ်ညာအောက် လူထုအတွက် ဆိုးကျိုးသက်ရောက်မှု စသည့် အကြောင်းအရာ (၅) မျိုးကို အချိန် (၂) နှစ် ကြာ စစ်တမ်းကောက်ယူခဲ့သည်ဟု ဦးဂျဖက် ဂျကူက ပြောသည်။

“ကျနော်တို့ ကြားဖူးတာ ကချင်ပြည်မှာလည်း ကျောက်စိမ်းမရှိတော့ဘူးဆို။ ဟော အခု ရှမ်းပြည်နယ်အရှေ့မှာကျတော့ ဓာတ်သတ္ထုရှာတဲ့အဖွဲ့ အထူးသဖြင့် တရုတ်တွေပေါ့ လာပြီးတော့ ဒီဟာကို သူတို့ တောင်ကြိုတောင်ကြား သွားနိုင်တဲ့နေရာ သူတို့သွား မသွားနိုင်တဲ့ နေရာ တောင်ပေါ် သားကို ပိုက်ဆံပေးပြီးတော့ ကျောက်ခဲကောက်ခိုင်း အဲဒီဟာနဲ့ ကျောက်မီးသွေးတို့၊ ရွှေတို့၊ ငွေတို့၊ ခဲတို့၊ ခနောက်စိမ်းတို့၊ ပလယ်တီနံတို့ အဲဒါတွေ သူတို့လုပ်နေကြတာ တွေ့ရတယ်။”

တရုတ်နိုင်ငံက အကျိုးစီးပွား ချဲ့ထွင်လာမှုကြောင့် ရှမ်းပြည်အရှေ့ပိုင်းရှိ ဌာနေလူထုများ အခက်အခဲအများစွာ ရင်ဆိုင်နေကြရသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

“တချိန်တုန်းက သူတို့ရှာစားလွယ်တဲ့ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တွေလည်း မရှိတော့ဘူး။ အခု လက်ရှိ သူတို့လုပ်နေတဲ့ တောင်ယာကွက်တွေကလည်း တရုတ်ကတဆင့်ပေါ့။ ပြည်သူစစ် ခေါင်းဆောင်တွေ၊ တရုတ်သူဌေးတွေ နောက် ဒီမြို့အာဏာပိုင်တွေက သူတို့လက်ဝါးကြီး အုပ်တော့ ဒီမှာ လယ်တွေက ယာတွေက တဖြည်းဖြည်းပျောက်သွားတယ်။ ပထမ သတိ ထားမိမှာပါ ကြက်ဆူ ပြဿနာကလည်း တော်တော်ပျောက်သွားပြီ ရာဘာဝင်လာတော့ ပိုပြီး တော့ ပျောက်သွားတယ်။ အဲတော့ ပိုပြီးတော့ ဒုက္ခရောက်သွားတယ်လို့ ကျနော်တို့ မြင်တယ်။”

လားဟူအမျိုးသားတိုးတက်ရေးအဖွဲ့သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ၂ဝဝ၂ ခုနှစ်ကတည်းက အစီရင်ခံစာ ၆ စောင် ထုတ်ဝေ ဖြန့်ချီခဲ့ပြီး Undercurrents အမည်ဖြင့် ထုတ်ဝေသည့် အစီခံစာသည့် ယခု သုံးစောင် မြောက် ဖြစ်သည်။

Most read this week