တရုတ်အစိုးရအကူအညီများ KIO ဒုက္ခသည်စခန်းသို့စတင်ရောက်ရှိ

တရုတ်အစိုးရအကူအညီများ KIO ဒုက္ခသည်စခန်းသို့စတင်ရောက်ရှိ
by -
ကေအဲန်ဂျီ

တရုတ်ပြည် ပီကင်းအစိုးရမှ ပထမဆုံးအကြိမ် လူသားခြင်းစာနာထောက်ပံ့မှု အကူအညီပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ စစ်ပြေးဒုက္ခသည်စခန်းများသို့ ဦးစွာရောက်ရှိခဲ့သည်။

KIO ဗဟိုဌာနချုပ်လိုင်ဇာသို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ပီကင်းအစိုးရ၏ကူညီထောက်ပံ့ပေး သည့် ကား ၆ စင်းဖြင့် ပစ္စည်းသေတ္တာ ၄၂၀၀ ရရှိကာ လိုင်ဇာအနီးရှိ ကချင်စစ်ပြေးဒုက္ခသည်စခန်း ၄ ခုတွင် စတင်ဖြန့်ဝေပေးခဲ့ကြောင်း ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ KNG ကချင်သတင်းဌာသို့ပြောသည်။

သူက“ဝိုင်ကြိုင် ဒုက္ခသည်စခန်းမှာ အိမ်ခြေ ရ အိမ်က ရ ယောက် တန်းစီထားခိုင်းပြီး တရုတ်ဘက် ခေါင်းဆောင်နဲ့ ကျနော်နဲ့ သူတို့ရှေ့မှာ သေတ္ထာကို သယ်ပြီး ပေးအပ်တာတွေလုပ်ခဲ့တယ် လိုင်ဇာအမှတ် ၃ စခန်းနဲ့ ဖုန်လွမ်ယန် စခန်းသွား ခဲ့တယ် ကော်မတီရုံးမှာ ခဏနားပြီး သူတို့ မေးမြန်းတာတွေလုပ်ပြီး အိမ်ခြေ ၈ အိမ်ကို ပေးအပ်ခဲ့တယ် ပြီးတော့ ဂျေယန့် စခန်းသွားခဲ့တယ် ဂျေယန့်စခန်းမှာ သေတ္တာ ၁၀ ခု ပေးခဲ့တယ် အပြန်ခရီးကို ကျနော်တို့က လိုင်ဇာတံတားနယ်စပ်ထိ ပို့ပေးခဲ့တယ် ကူညီပစွွည်းတွေကိုတော့ အခုပတ်မှာ ဝေပေးသွားမယ်”ဟု ပြောသည်။

ဒုက္ခသည်များအတွက် ကူညီထောက်ပံ့သည့် သေတ္တာတွင် ဆန်၊ ဆီ၊ ဆား၊ သကြား၊ စောင်၊ ဆေးဝါးနှင့် အပါအဝင် ၁၀ မျိုးတို့ဖြစ်ပြီး ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိဒုက္ခသည်စခန်းတွင် ဦးစွာ ကူညီပေးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရမှ ကချင်ဒုက္ခသည်များ၏ အခြေအနေများကို သိရှိပြီဖြစ်သောကြောင့် ဒုက္ခသည်စခန်းများတွင် အိမ်သာနှင့် သောက်ရေသုံးရေများကို ဆက်လက် ဦးစားပေး ကူညီသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဝေကြိုင်ဒုက္ခသည်စခန်းတွင် အိမ်ခြေ ၃၀၀ ကျော်၊ ဖုန်လွမ်ယန်စခန်းတွင် ၄၀၀ ကျော်၊ လိုင်ဇာအမှတ် ၃ စခန်းတွင် ၁၀၀ ကျော်နှင့် ဂျေယန့် ဒုက္ခသည်စခန်းတွင် ၁၆၀၀ ကျော်ရှိပြီး KIO ဌာနချုပ်မှ တိုက်ရိုက်ကြည့်နေသာ အခြား ဒုက္ခသည်စခန်း ၂၂ စခန်းအတွက်လည်း ကူညီထောက်ပံ့ရရှိခြင်းဖြစ်သည်။

ထိုနေ့တွင် တရုတ်ကြက်ခြေနီအဖွဲ့မှ အတွင်းရေးမှူးများနှင့် အယောက် ၂၀ ကျော်လည်း လိုက်ပါလာပြီး ကချင်စစ်ပြေးဒုက္ခသည်များအား ကူညီသည့် မှတ်တမ်းများလည်း ရိုက်ကူးခဲ့ကြောင်းသိရသည်။

အစိုးရထိန်းချုပ်နယ်မြေသို့ ထွက်ပြေးခိုလုံနေသော စစ်ပြေးဒုက္ခသည်များအတွက်လည်း တရုတ်-ကန်ပိုင်တီ နယ်စပ်တွင် မြန်မာကြက်ခြေနီများအားပေးအပ်မည်ဖြစ်ကြောင်းသိရှိရသည်။

ဗဟိုဌာနချုပ် လိုင်ဇာ စစ်ပြေးဒုက္ခသည်စခန်းများတွင်သာမက အခြားဒေသရှိ KIO ထိန်းချုပ်နယ်မြေများတွင် လည်း ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး ပန်ဝါဒေသရှိဒုက္ခသည်စခန်းတွင်လည်း သွားရောက်ကူညီမည်ဖြစ်ကြောင်းသိရှိရသည်။

ပြည်တွင်းစစ်ကြောင့် စစ်ပြေးတိမ်းရှောင်လာသော ကချင်စစ်ပြေးဒုက္ခသည်များအတွက် KIO သည် တရုတ် ပီကင်းအစိုးရအား ကူညီထောက်ပံ့ပေးရန် တရားဝင်ပြောဆိုခြင်းမရှိကြောင်း KIO ဖက်မှပြောသည်။

ကချင်စစ်ပြေးဒုက္ခသည်များကို ပုံမှန်အားဖြင့် တရုတ်ပြည်မှ ခရစ်ယာန်အသင်းအဖွဲ့များနှင့် NGO အဖွဲ့များက ကူညီပေးနေခြင်းဖြစ်သည်။

Most read this week