ကချင်တောင်ပေါ်ဒေသတွင် သန်းခေါင်စာရင်းအကြိုကောက်ခံမည်

ကချင်တောင်ပေါ်ဒေသတွင် သန်းခေါင်စာရင်းအကြိုကောက်ခံမည်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် တောင်ပေါ်ဒေသနှင့်ဝေးလံသော ဒေသတို့တွင် အစိုးရ၏ တစ််နိုင်ငံလုံးအတိုင်းအတာ သန်းခေါင်စာရင်း ကောက်ခံသောလုပ်ငန်းစဉ်အား ရက်ပေါင်း (၃၀)ကြိုတင်ကောက်ခံသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

“ကချင်ပြည်နယ်တောင်ပေါ်ဒေသတွေဖြစ်တဲ့ ပူတာအို၊ မချမ်းဘော့၊ ဆွန်ဘရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ လို နေရာမျိုးမှာ ဆယ်ရက်ကျော်နဲ့ သန်းခေါင်စာရင်းကောက်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး တစ်ချို့ရွာတွေဆို လေးငါးရက် သွားမှရောက်တာရှိတယ်၊ ဒါကြောင့် အဲဒီလိုနေရာတွေမှာ မတ်လ တစ်ရက်နေ့ကစပြီး စကောက်မှာ ဖြစ်တယ်” ဟု ကချင်ပြည်နယ်လူငယ်ကွန်ယက် မှ ပြည်ထောင်စုနေ့တွင်ကျင်းပသော လူငယ်ဆွေးနွေးပွဲတွင် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးတင်စိုး ကပြောသည်။

ထို့ပြင် ၄င်းဒေသများသို့ သန်းခေါင်စာရင်းကောက်ခံသွားမည့်သူများအား အစိုးရမှ ကြိုတင်သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကာ ၄င်းတို့ထဲမှ အချို့မှာ သန်းခေါင်စာရင်းကောက်မည့် အရပ်ဒေသသို့ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်းသိရသည်။

“အဖွဲ့တစ်ချို့ကတော့ရောက်နေပြီ ဒီနေ့လည်းတစ်ဖွဲ့ဆွန်ပရာဘွမ်ကို သွားမဲ့အဖွဲ့တွေရှိတယ်” ဟု ၄င်းက ဆက်ဆိုသည်။

ထို့ပြင် အစိုးရ၏ သန်းခေါင်စာရင်းအမှတ်အသားအဖြစ် ယခုဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လ ဆန်းမှစ၍ တစ်နိုင်ငံလုံးကို အိမ်နံပါတ်အဆောက်အဦးအမှတ်အသားအသစ်များထပ်မံပေးသွားမှာဖြစ်ပြီး ထိုအမှတ်များအား ရပ်ကွက်၊ ရပ်ရွာ အုပ်ချုပ်ရေးအဖွဲ့များက လာရောက်ပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။

“ဒီလိုနံပါတ်အသစ်ထပ်ပေးတယ်ဆိုတာက အိမ်နံပါတ်ပြန်ထပ်ပေးတာမဟုတ်ဘူး၊ သန်းခေါင်စာရင်း ကောက်တဲ့အချိန် အိမ်ခြေမထပ်ရအောင် ကောက်တဲ့သူတွေလမ်းမမှားရအောင်ဆိုပြီး သန်းခေါင်စာရင်း ကာလမှာ သုံးခြင်းဖြစ်တယ်” ဟု လဝကမှူး ဦးတင်စိုးက ဆက်ပြောသည်။

ကချင်လူထုအခြေပြုအဖွဲ့အစည်းများ၊ ကချင်ပါတီများက အဆိုပါ သန်းခေါင်စာရင်းကောက်ခံမည့်ပုံစံကို ကချင်တိုင်းရင်းသားများကြား သွေးခွဲစေသည့် အချက်များသာဖြစ်ကြောင်း ကန့်ကွက်မှုများရှိနေသည့်ကြားက ထိုသို့ အစိုးရအဖွဲ့များက အလျင်စလို အကောင်အထည်ဖော်လာခြင်းလည်းဖြစ်သည်။

ကချင်တိုင်းရင်းသားဟုခေါ်သော ရဝမ်၊ လီဆူး၊ လချိတ်၊ ဇိုင်ဝါး၊ မရူ၊ ခခူး၊ ကချင် စသည်မျိုးနွယ်စုများကို အစိုးရက သီးခြားစီခွဲထုတ်၍ နံပါတ်တပ်ဆင်ကောက်ခံသွားရန်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ကချင်တိုင်းရင်းသားဟူသော တလုံးတဝတည်းလူမျိုးအား လူမျိုးနွယ်သစ်အသီး သီးအဖြစ်ခွဲထုတ်ကာ စည်းလုံးမှုအားပျက်ပြားစေသည်သာမက၊ မညီမညွတ်သွေးကွဲစရာများဖြစ်လာစေမည်ကို ကချင်နိုင်ငံရေးသုံးသပ်သူများက ကန့်ကွက်ပြောဆိုနေခြင်းလည်းဖြစ်သည်။

Most read this week