ကေအိုင်အေ စခန်းတခုကို မြန်မာအစိုးရတပ် သိမ်းပိုက်

ကေအိုင်အေ စခန်းတခုကို မြန်မာအစိုးရတပ် သိမ်းပိုက်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် တောင်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်စွဲရာ စခန်းနေရာ တခုကို မြန်မာအစိုး ရတပ်များက သိမ်းပိုက်တပ်စွဲ လိုက်သည်ဟု ဗန်းမော်ခရိုင် KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင်က ပြောသည်။

မန်စီမြို့နယ်အတွင်းရှိ ကေအိုင်အေများ တပ်စွဲထားသော ကောင်ရွန်ရွာ (Gawngrun) ကို အစိုးရတပ်မှ ယမန်နေ့ ၆ ရက် ကြာသပတေးနေ့ တိုက်ပွဲတွင် ပြန်လည်တပ်စွဲ ထားပြီ ဟု ဗိုလ်မှူး လဘန်ဂျွန်းအောင်က KNG ကချင်သတင်းဌာန ကို ပြောပြသည်။

သူက“တပ်ခွဲ ၂ ခုပဲရှိနေတဲ့ချိန် အစိုးရတပ်တွေက တပ်ရင်း ၃ ခု တပ်ရင်း ခမရ ၆၀၁၊ ခလရ ၂၇၆၊ ခလရ ၂၃၇ အင်အား ၃၀၀ ကျော် လာပစ်တာ ကျနော်တို့ဘက်က တပ်သား ၁ ယောက် အထဲမှာကြပ်သွားတာ မနည်းပစ် ယူလိုက် ရတယ် တနေကုန် ညမိုးချုပ်ထိ ပစ်တာ” ဟု ပြောသည်။

လွန်ခဲ့သည့် တရက်က နမ်ဂေါင် (Nam Gau) တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကောင်ရွန်ရွာ (Gawngrun) တွင် KIA တပ်ရင်း ၁၂ မှ လုံခြံုရေးယူနေစဉ် အစိုးရတပ်မှ စစ်အင်အားများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူးလဘန်ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် အစိုးရတပ်သည် စစ်ကြောင်း ၂ ကြောင်း ခမရ ၆၀၂၊ ခလရ ၅၆ ထပ်မံတိုးချဲ့လာပြီး ယခုချိန် အစိုးရတပ်သည် ကောင်ရွှန်ရွာ (Gawngrun) အနီးတွင် ဆက်လက်လှုပ်ရှားလျက် ရှိနေသည်။

ယမန်နေ့က ဖြစ်ပွားသော တိုက်ပွဲ အတွင်း KIA ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အစိုးရတပ်မှလည်း ထိခိုက်ရရှိမှုရှိသော်လည်း စာရင်း တိကျ မရှိပါ။

ထို့ပြင် ရှမ်းပြည်မြောက်ပိုင်း KIA တပ်ရင်း ၃၄ ဒေသတွင် ယမန်နေ့ ညနေမှ လားရှိုးဘက်မှ စစ်အင်အား ၁၀၀ ကျော်သည် မန်တုံမြို့သို့ တိုးချဲ့လာပြီး ၎င်းမှ စစ်အင်အား ၅၀ စီသည် မော်လုံနှင့် ဥမန်သို့ တိုးချဲ့ထားကြောင်း သိရှိရသည်။

၎င်းစစ်အင်အားများသည် မန်တုန်သို့ စစ်ကားများဖြင့် တိုးချဲ့လာပြီး မော်လုံ၊ ဥမန်တို့ ခြေလျှင်ဖြင့်တိုးချဲ့လာခြင်း ဖြစ်ကြောင်း တပ်မဟာ (၄) အရာရှိများပြောသည်။

ထို့နောက် ကျောက်မဲမြို့နယ် နမ္မတူမြို့ ခမရ ၃၂၄ တပ်စခန်းမှ အစိုးရစစ်အင်အား ၁၀၀ ကျော်သည်နှင့် နမ်ဆန်ဘက်မှ အင်အား ၁၀၀ ကျော်သည်လည်း ဟူမိန်းနှင့် မန်လွမ်းတွင် တိုးချဲ့လာကြောင်း ရှေ့တန်အရာရှိများပြောသည်။

ထို့ပြင် မိုးမိတ်မြို့နယ် အစိုးရတပ်စခန်း ခွန်ခါးမှ အင်အား ၅၀ ကျော်သည်လည်း ဘာလဲန်သို့ တိုးချဲ့ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

စစ်အင်အားများ တိုးချဲ့လာသော်လည်း ၎င်းအစိုးရတပ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းမရှိသေးသော်လည်း အစိုးရစစ်ကြောင်းများသည် တိုက်ပွဲများဖြစ်ပွားနေသော KIA တပ်မဟာ (၃) နယ်မြေသို့လည်း တိုးချဲ့လာနိုင်ကြောင်း KIA တပ်မဟာ (၄) အရာ ရှိများပြောသည်။

Most read this week