ဂတ်စ်နှင့် ရေနံကို ပြည်ပသို့ ရောင်းပြီး နွားချေးဖြင့် လျှပ်စစ်မီးထွန်းရန် ပြည်သူများကို ဝန်ကြီးနှင့် တိုင်းမှူးမှ တိုက်တွန်း

ဂတ်စ်နှင့် ရေနံကို ပြည်ပသို့ ရောင်းပြီး နွားချေးဖြင့် လျှပ်စစ်မီးထွန်းရန် ပြည်သူများကို ဝန်ကြီးနှင့် တိုင်းမှူးမှ တိုက်တွန်း
ရခိုင်ပြည်နယ်သို့ များမကြာမှီက လာရောက်လည်ခဲ့သူ ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေနှင့် အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးတို့မှ ရခိုင်ပြည်သူများအား နွားချေးနှင့် ဆားကို ဆတူရောပြီး ဓါတ်ခဲ အဟောင်းများကို စိုက်ထူပြီး လျှပ်စစ်မီးထွန်းညှိကြရန် တိုက်တွန်း ...

ရခိုင်ပြည်နယ်သို့ များမကြာမှီက လာရောက်လည်ခဲ့သူ ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချုပ် သိန်းဆွေနှင့် အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးတို့မှ ရခိုင်ပြည်သူများအား နွားချေးနှင့် ဆားကို ဆတူရောပြီး ဓါတ်ခဲ အဟောင်းများကို စိုက်ထူပြီး လျှပ်စစ်မီးထွန်းညှိကြရန် တိုက်တွန်း နိုးဆော်သွားသည်ဟု ကျောက်နီမော် ကျေးရွာမှ ကျောင်းဆရာ တဦးက ပြောသည်။

သူက “ကျနော်တို့ ဝန်ထမ်းတွေ အရပ်သားတွေ ၆ဝဝ ကျော် လောက်ရှိမယ် ထင်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး ရောက်မယ်။ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ကိုင်စရာ ကိစ္စတွေကို ပြောမယ်ဆိုတော့ လူတွေက စိတ်ဝင်စားပြီး သူတို့ စကားကို နားထောင်ဖို့ သွားကြပါတယ်။ သူတို့ ပြောနေကျ အတိုင်းဘဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မူ နောက်ကျရတာက ပြည်တွင်း ဆူပူ သောင်းကျန်းမူတွေကြောင်း ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ အခုအခါမှာ နိုင်ငံတော် အစိုးရက စေတနာ တရားအပြည့်အဝနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေလည်း မိမိဒေသ ဖွွံဖြိုးတိုးတက်ရေးအတွက် နွားချေးကို အသုံးပြုပြီး လျှပ်စစ်မီး ထွန်းညှိနေကြတာကို မြင်တွေရတဲ့ အတွက် ဝမ်းသာတယ်လို့ ပြောပါတယ်။ သူတို့ အနေနဲ့လည်း အားပေး ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ပို့ဆောင်ရေး ဝန်ကြီးနှင့် အနောက်ပိုင်းတိုင်းမှူးတို့မှ မတ်လ ၃ဝ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် အထက်တန်းကျောင်းရှေ့ရှိ ဘော်လုံကွင်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းဆရာက “အခု ကျနော်တို့ ရခိုင်ဒေသက ဂတ်စ်တွေ အကြီးအကျယ် ထွက်နေတယ်။ ကျနော်တို့ မြို့နယ်မှာရှိတဲ့ ရေနံတောင်ကလည်း ရေနံတွေ ထွက်နေတယ်။ ဒါတွေကို အသုံးချပြီး ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်မီး ထွန်းပေးမယ်ဆိုပြီး ပြောတာ တခွန်းမှ မပါဘူး။ ဂတ်(စ်)ကို တရုတ်ကို နိုင်ငံတော် အစိုးရက ရောင်းစားတယ်ဆိုတာကို တခွန်းမှ သူတို့ ပြောမသွားပါဘူး။ သူတို့က လမ်းတွေ ဖောက်တယ်၊ ကျောင်းတွေ ဆောက်ပေးတယ်၊ ဘယ်အစိုးရ ခေတ်ကာလမှ မလုပ်ပေးနိုင်တာကို သူတို့ အစိုးရကမှ လုပ်ပေးနိုင်တယ်ဆိုပြီး ပြောသွားပါတယ်။ သူတို့ကောင်းကြောင်းကိုဘဲ ပြောသွားပါတယ်” ဟု ပြောသည်။

ဝန်ကြီး ဗိုလ်ချုပ်သိ်န်းဆွေနှင့် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးတို့သည် ကျောက်နီမော် ကျေးရွာရှိ နွားချေးများကို အသုံးပြုပြီး လျှပ်စစ််မီး ထုတ်လုပ်နေသည့် လုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ကျောင်းဆရာက “နွားချေးအနံ့အသက်တွေက ကြိုင်လှိုင်နေတော့ ဝန်ကြီးတွေလည်း သိပ်မကြည့်ရှု့ မစစ်ဆေးနိုင်ပါဘူး၊ နည်းနည်းပါပါး ကြည့်ပြီး ပြန်သွားကြပါတယ်။ ကျနော်တို့ ကျောင်းနဲ့ကျောက်နီမော် ဆေးရုံအတွက် စာအုပ်တွေ၊ ဆေးဝါးတွေ၊ ဘော်လုံးတွေ၊ လေဘေးထည်တွေကို ကူညီသွားကြပါတယ်” ဟု ပြောသည်။

ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်သိန်းဆွေနှင့် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးတိ်ု့သည် ရခိုင်ပြည်နယ် အတွင်းရှိ စစ်တွေ၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အမ်းမြို့နယ်များသို့ သွားရောက် လည်ပတ်ခဲ့ပြီး နွားချေးနှင့် ဆားကို ဆတူရောပြီး ဓါတ်ခဲ အဟောင်းနှင် လျှပ်စစ်မီး ထွန်းညှိုနေသည့် လုပ်ငန်းခွင်များသို့ သွားရောက်ပြီး စစ်ဆေး ညွန်ကြားမူများ ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မှာ မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ အလွန်ပေါကြွယ်ဝသော ဒေသတခုဖြစ်သော်လည်း အဆိုပါ သဘာဝ ပစ္စည်းများကို နအဖ စစ်အစိုးရမှ ရခိုင်ပြည်သူများအတွက် တစုံတရာ အသုံးမပြုဘဲ နိုင်ငံခြား တိုင်းပြည်များသို့ ထုတ်ယူ ရောင်းစားနေ သဖြင့် ရခိုင် မြို့များတွင် လျှပ်စစ်မီး တနေ့ (၂) နာရီသာ ရရှိပြီး ကျေးရွာများတွင် လျှပ်စစ်မီး လုံးဝ မရရှိကြောင်း သိရှိရသည်။
 

Most read this week