ကချင်ဒုက္ခသည်စခန်းတွင် နေအိမ်များ အရေးပေါ် လိုအပ်

ကချင်ဒုက္ခသည်စခန်းတွင် နေအိမ်များ အရေးပေါ် လိုအပ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ရ၀၀ ကျော်အတွက် အိမ်ခန်းများ အမြန်ဆုံးပြုပြင်ရန် အရေးကြီးလိုအပ်နေကြောင်း ဒုက္ခသည်ကူညီရေးအဖွဲ့က ပြောသည်။

ဒုက္ခသည်ကော်မတီအတွင်းရေးမှူး ဆလန်လဘန်နော်ဂျာက “နေအိမ်တွေက လုံးဝနေလို့မရတော့ဘူး အားလုံးပြင်ရမယ့်အိမ်တွေဖြစ်နေပြီ၊ မုန်တိုင်းလာနေတော့ ဆောက်ရမှဖြစ်မယ်၊ လေတိုက်ပြီဆိုရင် နေလို့မရ တော့တဲ့ အိမ်တွေဖြစ်နေပြီ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

အဆိုပါ ဒုက္ခသည်များနေထိုင်သော အိမ်ခန်းသည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မိုးကာဖြင့် ဆောက်လုပ်ခဲ့သော အိမ်တန်းလျားများဖြစ်သောကြောင့် ယခုအခါ ပျက်စီးနေပြီဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ၃ လ(သို့မဟုတ်)၆ လကာလတွင် ဆောက်လုပ် မည်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင်အကောင်အထည်ဖော်ခြင်းမရှိသေးပေ။

၎င်းဒုက္ခသည် စခန်းရှိ အိမ်ခြေ ၈၀၀ ကျော်အတွက် နေအိမ်များကို ယခင်နှစ်တွင် ဗန်းမော်ဂရုဏာနှင့် မြစ်ကြီးနားဂရုဏာ ဖောင်ဒေးရှင်း အဖွဲ့များမှ ဆောက်လုပ်ပေးခဲ့သော်လည်း အိမ်ထောင်စု ရ၀၀ ကျော် အတွက် ကျန်နေခြင်းဖြစ်သည်။

ထို့အပြင် ဂျေယန့် ဒုက္ခသည်စခန်းတွင် သုံးရေများခက်ခဲခြင်းကြောင့် အချို့အိမ်သာများကိုသာ သုံးနေပြီး ၎င်းအိမ်သာများသည်လည်း ပြည့်သွားကာ ခက်ခဲမှုများနေ့စဉ် ရင်ဆိုင်နေရကြောင်းသိရသည်။

“အိမ်သာတိုင်း ရေရောက်ရင်တော့ ဒုက္ခသည်တွေအတွက်လုံလောက်တယ် အခန်းပေါင်း ၄၉၉ ခန်းရှိတယ် ဒါပေမယ့် ရေကခက် တချို့အိမ်သာက နေရာမရှိတော့ ကုန်းမှာလုပ်ထားတော့ ကလေးတွေနဲ့ အသက်ကြီးသူများအတွက် ဒုက္ခရောက်တယ် မနက်တိုင်းရထားလက်မှတ် တိုးတလို တိုးနေရတယ်” ဟု ဆက်ဆိုသည်။

ဒုက္ခသည်စခန်းတဝက်လောက်သည် သုံးစွဲရေများပိုမို ခက်ခဲများနေကြောင်း ရေလောင်ကန်များမရှိခြင်း၊ ပိုက်ခေါင်း တပ်ဖို့ရာမရှိခြင်း၊ ရေပိုက်များ မရှိခြင်းကြောင့် အိမ်သာ ၄ ခန်းတွဲအလုံး ၅၀ ကျော် တွင် ပြည့်သွားခြင်းကြောင်း ဒုက္ခသည်များ ခက်ခဲရင်ဆိုင်နေရကြောင်း သိရှိသည်။

ထို့ပြင် လိုင်ဇာအမှတ် (၃) ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအိမ်ခြေ ၁၂၀ ကိုလည်း ဂျေယန့်စခန်းသို့ ပြောင်း ရွှေ့မည်ဖြစ်ကြောင်း သိရသည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၈၂၇၂ ရှိပြီး လိုင်ဇာဗဟိုဌာနချုပ်အတွင်းရှိ ဒုက္ခသည်စခန်း ၄ ခုတွင် လူဦးရေ အများဆုံး စခန်းဖြစ်သည်။

Most read this week