သင်ရိုးညွှန်းတမ်းတွင် တိုင်းရင်းသား စာပေထည့်သွင်းရန် တောင်းဆို

သင်ရိုးညွှန်းတမ်းတွင် တိုင်းရင်းသား စာပေထည့်သွင်းရန် တောင်းဆို
by -
ကေအဲန်ဂျီ

ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation) က တိုင်းရင်းသား ဘာသာစာပေကို အစိုးရကျောင်းတွင် သင်ရိုးညွှန်းတမ်းဖြင့်ထည့်သွင်း သင်ကြားပို့ချရန် တောင်းဆိုကြောင်း နေပြည်တော်၌ကျင်းပခဲ့သော အစည်းအဝေးတွင် တက်ရောက်ခဲ့သော ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်က ပြောသည်။

ထို့အပြင် သန်းခေါင်စာရင်းတွင် အချို့လူမျိုးသတ်မှတ်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားများနှင့်ညှိနှိုင်းပေးရန် အပါအဝင်အချက် ရ ချက်ကို ကြေညာချက်ထုတ်ပြန် လိုက်ကြောင်း နေပြည်တော် ရတနာသိင်္ဃဟိုတယ်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီးတွင်  တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party, KDP) ဥက္ကဌ ဦးဂွမ်ကရောင်အောင်ခမ်းက “အခက်အခဲတွေကို ဖလှယ်ကြပြီး ကူညီဖြေရှင်းကြရန်နဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ညှိနှိုင်းမှု တွေလုပ်ကြတယ်" ဟု ပြောပြသည်။

အစည်းအဝေးတွင် ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးကြီးတဲ့ မဟာမိတ်တခုဖြစ်လာရန်နှင့် ၂၀၂၀ တွင် အစိုးရ ဖွဲ့စည်းနိုင်ရေးသို့ တက်လှမ်းနိုင်ရန် ဦးတည်ချက်များလည်း ချမှတ်ခဲ့သည်ဟု ဦးဂွမ်ကရောင် အောင်ခမ်းက ပြောသည်။

အခြားတောင်းဆိုသောအချက်များအနက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တိုင်းရင်းသားများ ပါ၀င်ရန်၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်မှရွေးချယ်တင်မြောက်ရန် စသည့် အချက်များကိုလည်း တောင်းဆိုခဲ့သည်။

ထိုဆွေးနွေးပွဲတွင် ချင်း၊ ရခိုင်၊ မွန်၊ ကရင်ဒေသများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တရားဝင်မှတ်ပုံတင်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၀ မှ ကိုယ်စားလှယ် ၄၀ ကျော် တက်ရောက် ပါ၀င်ခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း တိုင်းရင်းသား ဘာသာစကား တချို့ကို အစိုးရကျောင်းများတွင် သင်ကြားခဲ့သော်လည်း ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် တိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ကိုရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

Most read this week