လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
by -
ဇော်ကြီး
စာပေမိခင်ကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် စာပေမြတ်နိုးသူ မြန်မာနိုင်ငံသားများစုပေါင်း၍ လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ...

စာပေမိခင်ကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ကျင်းပခဲ့သည်။

ပြည်ပရောက် စာပေမြတ်နိုးသူ မြန်မာနိုင်ငံသားများစုပေါင်း၍ လူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မဲဆောက်မြို့ ကဗျာဆရာ မောင်လွမ်းဏီ၏ နေအိမ်တွင် ယနေ့ညနေ ၆ နာရီခွဲမှစ၍ ကျင်းပခဲ့သည်။

အမေလူထုဒေါ်အမာ ကွယ်လွန်ခြင်း တနှစ်ပြည့်အခမ်းအနားနှင့်အတူ ပြီးခဲ့သည့်မတ်လကုန်ပိုင်းတွင် ကွယ်လွန် သွားသည့် ကဗျာဆရာ ကြည်အောင်အား ရည်စူး၍ ယနေ့နံနက်၌ သံဃာတော်များအားဆွမ်းကပ် လှူဒါန်းခဲ့သည် ဟု ကဗျာဆရာမောင်လွမ်းဏီီက ယခုလို ပြောသည်။

“မနက်ပိုင်းကတော့ဗျာ ကျနော်တို့ အမေမာ့အတွက် နှစ်လည်ပေါ့ဗျာ သံဃာတော်အရှင် သူမြတ်တွေ ကို ဆွမ်းကွမ်းကပ်လှူသလိုပါပဲ ဆရာကြည်အောင်ရဲ့ ရက်လည်မှာ မလုပ်နိုင်တဲ့အတွက် ဒီရက်မှာပဲ ပေါင်းပြီးတော့၊ ဆရာ့အတွက်ပါ ပေါင်းပြီးတော့ ဘုရားအမှူးပြုတဲ့ သံဃာတော်အရှင်မြတ်တွေကို ဆွမ်းကွမ်းကပ်လှူတာပါ။ ကုသိုလ်ကောင်းမှုပြုကြတာပါ။ တပည့်သားမြေးတွေက။ အထူးသဖြင့် ဆရာကြည်အောင်နဲ့ အမေမာဆိုတာကလည်း သားအမိတွေဆိုရင်လည်း မမှားပါဘူး။”

အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပါတ်သက်၍ မောင်လွမ်းဏီီက “ရည်ရွယ်ချက်ကတော့ အင်မတန် ကျနော်တို့ကကြီးမားတာပေ့ါဗျာ၊ မြန်မာစာပေယဉ်ကျေးမှု နယ်ပယ်ကိစ္စတွေ၊ အမျိုးသားရေး လက္ခဏာကိစ္စတွေ၊ ဒီပုဂ္ဂိုလ်တွေရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ စာပေကို ဖွံ့ဖြိုး တိုးတက်စေလိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကျေးဇူးတွေကို အမြဲတန်းနှလုံး သွင်းပြီးတော့ ဒီဆရာတွေရဲ့ ရှေ့ဆောင်လမ်းပြမှုတွေနောက်ကို မျိုးဆက်သစ်တွေက ဆက်လက်ပြီး သယ်ဆောင်လိုက်ပါဖို့ဆိုတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။” ဟု ပြောခဲ့သည်။

အခမ်းအနား၌ လူထုဒေါ်အမာနှင့် ဆရာကြည်အောင်တို့၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို ဖတ်ကြားပြီး ၎င်းတို့၏ ထင်ရှားသည့် စာပေများကို နံရံကပ်စာစောင်များ၌ကပ်ထားကာ အခမ်းအနားတက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဝေငှသည်။

အမျိုးသားရေးအတွက် စာပေနှင့်တိုက်ပွဲဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား စံနမူနာယူ၍ စာပေ မျိုးဆက်သစ်များ အနေနှင့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်စေလိုသည်ဟု ဆရာမောင်လွမ်းဏီီက တိုက်တွန်းသည်။

လူထုဒေါ်အမာသည် ၁၉၁၅ ခုနှစ်တွင်မွေးဖွားပြီး အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး၊ ပြည်သူ ချစ်သောအနုပညာ သည်များ စသည့်ကျော်ကြားသည့်စာအုပ်များအပြင် ဘာသာပြန်စာပေများ၊ အမျိုးသားရေး တက်ကြွစေမည့် စာပေများကိုရေးသားခဲ့သည့် စံပြစာရေးဆရာမ တစ်ဦးဖြစ်သည်။

ကဗျာဆရာကြည်အောင်သည် ၁၉၃၇ ခုနှစ်၌ မန္တလေးတွင််မွေးဖွား၍ အမည်ရင်းမှာ ဦးကြည်လင်ဖြစ်ပြီး ၁၉၆၃ ခုနှစ်၌် လမင်းတရာ ကဗျာစာအုပ်နှင့် အမျိုးသားစာပေဆု ရရှိခဲ့ပြီး လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့သည်။

Most read this week