အစိုးရတပ်များ ဆုတ်ခွာကျေးရွာသို့ ပြန်ဝင်ရန်ပြင်ဆင်

အစိုးရတပ်များ ဆုတ်ခွာကျေးရွာသို့ ပြန်ဝင်ရန်ပြင်ဆင်
by -
ကေအဲန်ဂျီ

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းရှိ နမ်လင်းပါ (Nam Lim Pa) ရွာအတွင်းသို့ အစိုးရ တပ်များ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင်နေခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့များနှင့် တင်းမာမှုများ ရှိနေသည်ဟု KIA က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်ရှိသော အစိုးရစစ်ကြောင်း ၁ ကြောင်းသည် နမ်လင်းပါ (Nam Lim Pa) ရွာသို့ ပြန်ဝင်ရန် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၁၂ အား ယမန်နေ့ ၂၁ ရက် ညနေတွင် ခွင့်တောင်းခဲ့ရာ KIA ဖက်မှ ငြင်းဆိုထားသည်။

တပ်ရင်း ၁၂ နယ်မြေ ဗန်းမော်ခရိုင် မံစီမြို့နယ် Nam Lim Pa ရွာသားများနဲ့ ဒုက္ခသည်များ လုံခြုံရာသို့ ထွက်ပြေးနေစဉ်။

“အစိုးရတပ်က ခဏလေးရွာထဲဝင်ပြီး ဓာတ်ပုံရိုက်မှတ်တမ်းယူပြီး ပြန်ထွက်လာမယ်လို့ပြောတယ် ကျနော်တို့က ခဏလေးလည်း မပေးနိုင်ဘူး အကြားကြီးလည်း ခွင့်မပေးနိုင်ဘူးလို့ပြောလိုက်တယ် အစိုးရတပ်ကနေမဖြစ်မနေ ဝင်လာရင်တော့ ပစ်ခတ်မှုကဖြစ်လာမယ်” ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင် KNG ကချင်သတင်းဌာနသို့ ပြောသည်။

၎င်းစစ်ကြောင်းသည် အစိုးရခြေမြန်တပ်ရင်း ခမရ ၆၀၁ စစ်အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းဖြစ်ပြီး ယခုချိန် နမ်လင်းပါ KIA တပ်ရင်း ၁၂ နှင့် ၂ မိုင်ခန့် အကွာတွင် ကင်းပုန်းထိုးနေကြောင်း သိရသည်။

ယမန်နေ့ညနေတွင် အစိုးရတပ်သည် နမ်လင်းပါရွာ (Nam Lim Pa) သို့ ပြန်ဝင်လာရန် ဂျေဦး-နမ်ခမ်တွင်ရှိသော ဗျူဟာမှူး မိုးဇော်သည် ရွာလူကြီးအားပြောပြီး ရွာသူကြီးမှ ဖုန်းဖြင့် KIA တပ်ရင်း ၁၂ ဗိုလ်မှူးအား မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နမ်လင်းပါ (Nam Lim Pa) ရွာသည် စစ်ပြေးဒုက္ခသည်စခန်းရှိသောရွာဖြစ်ရာ နိုင်ဝင်ဘာလ ၁၉ ရက်နေ့က အစိုးရတပ်များ ရွာသို့ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ နီးစပ်ရာသို့ အသီးသီးထွက်ပြေး တိမ်းရှောင်သွားခဲ့ရသည်။

အစိုးရတပ်သည် မုန်းဒိန်ပါရွာနှင့် နမ်လင်းပါရွာမှ ဒီဇင်ဘာ ၂၈ ရက်နေ့က တပ်ဆုတ်သွားသော်လည်း KIA တပ် ရင်း ၁၂ ဒေသအနီးတွင်ရှိ ဂျေဦး၊ နားဟန်၊ သံတံတား၊ မလျင်၊ ကောင်ရွန်၊ ဂျေခမ်း၊ မန်သာနှင့် မိုင်းခေါင်ရွာများတွင် အစိုးရတပ်များ ရှိနေဆဲဖြစ်ပြီး အစိုးရတပ်ရင်း ၆ ခု ခမရ ၄၃၈၊ ခမရ ၃၁၉၊ ခမရ ၆၀၁၊ ခမရ ၆၀၂၊ ခလရ ၅၆၊ ခလရ ၂၇၆ စစ်ကြောင်းများနှင့် စစ်အင်အား ၁၀၀၀ ခန့်ရှိနေဆဲဖြစ်ကြောင်းသိရသည်။

Most read this week