ရခိုင်ပြည်ရှိ လယ်မြေများနှင့် မြေလွတ် မြေရိုင်းများအား ငှါးရမ်း လုပ်ကိုင်ရန် ဘင်္ဂလာဒေ့ရှ်က စီစဉ်

ရခိုင်ပြည်ရှိ လယ်မြေများနှင့် မြေလွတ် မြေရိုင်းများအား ငှါးရမ်း လုပ်ကိုင်ရန် ဘင်္ဂလာဒေ့ရှ်က စီစဉ်
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်ရှိ လယ်မြေများ၊ မြေလွတ် မြေရိုင်းများကို ငှါးရမ်းပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ စီစဉ်နေကြောင်း သတင်း ရရှိသည်။ လာမည့်ဧပြီလ ရ နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် ဘင်္ဂလာဒေ့ရှ်-မြန်မာ ...

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်ရှိ လယ်မြေများ၊ မြေလွတ် မြေရိုင်းများကို ငှါးရမ်းပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ စီစဉ်နေကြောင်း သတင်း ရရှိသည်။

လာမည့်ဧပြီလ ရ နှင့် ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် ဘင်္ဂလာဒေ့ရှ်-မြန်မာ ပူးတွဲ ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေးတွင် ရခိုင်ပြည်ရှိ လယ်မြေများနှင့် မြေလွတ် မြေရိုင်းများအား ငှါးရမ်းလုပ်ကိုင်နိုင်ရန် ဘင်္ဂလာဒေ့ရှ်ဘက်မှ အဓိက ထားဆွေးနွေး တင်ပြ သွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် ကုန်သွယ်ရေး ဝန်ကြီးဌါနမှ အရာရှိတစ်ဦးက ဒေသခံ မီဒီယာများကို များမကြာမီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် လယ်မြေများ၊ စိုက်ပျိုးနိုင်သော မြေလွတ် မြေရိုင်းများ အလွန် ပေါများကြောင်း၊ အဆိုပါ မြေများကို ငှါးရမ်းပြီး လယ်စိုက်ပျိုးရေး၊ ငါးပုဇွန်် မွေးမြူရေး၊ ကြက်ငှက်နှင့် ကျွဲနွား မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် နိုင်မည်ဆိုလျှင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ အစားအစာ ဖုံလုံရေး အတွက် စိတ်ချ လက်ချ ဖြစ်နိုင်မည် ဖြစ်ကြောင်း အဆိုပါ အရာရှိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ သဘောတူ လက်ခံမည်ဆိုလျှင် လာမည့် နှစ်နိုင်ငံ ပူးတွဲ ကုန်သွယ်ရေး ကော်မရှင် အစည်းအဝေးတွင် နောက်ဆုံး အဆင့်စာချုပ်ကို ချုပ်ဆို သွားမည်ဖြစ်ကြောင်း သူက ထပ်မံ ပြောကြားခဲ့သည်။

ဘင်္ဂလာဒေ့ရှ်-မြန်မာ ပူးတွဲ ကုန်သွယ်ရေး ကော်မရှင်ကို နှစ်ဘက်နိုင်ငံမှ ကုန်သွယ်ရေး အရာရှိများ၊ စီးပွါးရေး လုပ်ငန်းရှင်များဖြင့် ၂ဝဝ၃-ခုနှစ်တွင် စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး၊ ကုန်သွယ်ရေး တိုးမြှင့် လုပ်ဆောင်ရန် အထူးအစည်းအဝေး တစ်ရပ်ကို လွန်ခဲ့သော နိုဝင်ဘာ ၂ဝဝ၈ တွင် ဒက္ကားမြို့၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ စိုက်ပျိုးရေးဖြစ်ထွန်းပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝသော ရခိုင်ဒေသသည် အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်နှင့် မိုင် (၁၉ဝ)ခန့် နယ်ချင်း စပ်လျက်ရှိသည်။

ဒေသခံပြည်သူများ၏ အဆိုအရ ရခိုင်ပြည်တွင် စီးပွါးရေးလုပ်ငန်းများ အားလုံးကို နအဖစစ်အစိုးမှ လက်ဝါးကြီးအုပ်ချုပ်ကိုင် ထားသဖြင့် ထောင်ပေါင်းများစွာသော ရခိုင်ပြည်သူ ပြည်သားများမှာ အလုပ်အကိုင် ရှာဖွေရန် အတွက် ဗမာပြည်မနှင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ခွါ လျက်ရှိကြောင်းသိရသည်။

လာမည့် နှစ်နိုင်ငံစီးပွါးရေး ဆွေးနွေးပွဲတွင် တိုက်ရိုက် ဘဏ်လုပ်ငန်းများ ဖွင့်လှစ်ရေး၊ အကြွးပေး စနစ်အား ပြန်လည်ပြုပြင်ရေး၊ နယ်စပ်စျေးများ ဖွင့်လှစ်ရေး နှင့် တိုက်ရိုက် လေကြောင်း၊ ရေကြောင်းလိုင်းများ ဖွင့်လှစ်ရေးတို့ကိုလည်း အဓိကထား ဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိမှ ပြောကြားခဲ့သည်။

နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာဘက်မှ သစ်၊ ငါး၊ ဆန်၊ ပဲ၊ ကြက်သွန်၊ ကျွဲ၊နွားနှင့် ကုန်ကြမ်း ပစ္စည်းများ အဓိက တင်ပို့နေပြီး၊ ဘင်္ဂလာဒေ့ရှ်ဘက်မှ ဆေးဝါး၊ ဓါတ်မြေသြဇာနှင့် အိမ်သုံး ကုန်ပစ္စည်းများ အဓိက တင်ပို့လျက်ရှိကြသည်။

နယ်စပ်သတင်းများ အဆိုအရ မြန်မာ-ဘင်္ဂလာဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်ရေးတိုးမြှင့်နိုင်ရန် နှစ်ဘက်ကိုယ်စားလှယ်များ ပါဝင်သည့် အထူးကော်မရှင်တစ်ခုဖွဲ့စည်းပေးခဲ့သည်မှာ (၆)နှစ်တာ ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မှု တစ်စုံတစ်ရာ မရှိပဲ သဖြင့် ကုန်သွယ်ရေးတွင် တရားဝင်ထက် မှောင်ခိုလုပ်ငန်းများမှာ အထူး တွင်ကျယ်လျက် ရှိကြောင်းသိရသည်။

Most read this week