ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာနေ

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများ ပြင်းထန်လာနေ
by -
ကေအဲန်ဂျီ

ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရ တပ်ဖွဲ့များအကြား ဒီဇင်ဘာ ၁၆ တနင်္လာနေ့က မိနစ် ၃၀ ကျော်ကြာ တိုက်ပွဲ ၂ ပွဲ ဖြစ်ပွားခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေ တပ်ရင်း ၈ ဒေသ ပရန်တောင်း (Pran Tawng) နှင့် နမ့်ခက် (Nam Hkyet) အကြား တိုက်ပွဲ တပွဲနှင့် တပ်မဟာ ၄ နယ်မြေ မုန်းကိုး ဒေသတွင် တိုက်ပွဲ တပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကေအိုင်အေ တပ်မဟာ ၄ အရာရှိ တဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ် KIA တပ်ရင်း (၈) ဒေသ နမ့်လက် (Nam Lek) စခန်းမှ ဆင်းလာသော ခြေလျှင်တပ်ရင်း ခမရ ၅၀၅ စစ်အင်အား ၆၀ ကျော်နှင့် KIA တပ်ရင်း (၈) ကချင်ပြည်သူ့စစ် (MHH) ကြား ပရန်တောင်း (Pran Tawng) နှင့် နမ့်ခက် (Nam Hkyet) ကြားတွင် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းနမ့်လက် (Nam Lek) စခန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က အစိုးရတပ်များ တိုးစစ်ဆင် တိုက်ခိုက်ရာ အထိနာ၍တပ်ဆုတ်ထားသော KIA စခန်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ တနင်္လာနေ့ ညနေ ၃ နာရီချိန်ခန့်တွင် ၎င်းမှ စစ်ကြောင်းသည် ကချင်ပြည်သူ့စစ် (MHH) ရှိသည့် နေရာဘက်သို့ လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဖြစ်ပွားသော တိုက်ပွဲမှာ မုန်ကိုးမြို့နယ် KIA တပ်ရင်း (၃၈) ဒေသတွင် အင်အား ရ၀ ခန့်ရှိသော အစိုးရ ခြေလျှင်တပ်ရင်း ခလရ ၁၂၇ သည် KIA တပ်ရင်း (၃၈) နယ်မြေသို့ လှုပ်ရှားလာခြင်းကြောင့် ဘန်လွမ်းဘွမ် (Bang Lum Bum) တွင် ဖြစ်ပွားခဲ့သည်။

၎င်းအစိုးရတပ်သည် မုန်းဂျီဘက်မှ စစ်ရေးလှုပ်ရှားလာသော စစ်ကြောင်းဖြစ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ကချင်ပြည်သူ့စစ် (MHH) များနှင့် မိနစ် ၃၀ ကျော်ကြာ ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည်။

ယင်း တိုက်ပွဲများတွင် မိနစ် သုံးဆယ်ကျော်ကြာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော်လည်း သေဆုံးထိ ခိုက်ဒဏ်ရာရမှုစာရင်းကို မသိသေးပါ။

ထို့အတူ အစိုးရတပ်ဖွဲ့များဖက်တွင် အခြားဖက်မှ အင်အား တိုးချဲ့လာသော စစ်ကြောင်းများလည်း ရှိရာ ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင်မှ စစ်ကား ၁၀ စီးဖြင့် ယမန်နေ့ညတွင် ပန်ဆိုင်း (ကြူကုတ်) သို့ ရောက်ရှိလာခဲ့သည်ဟု ကေအိုင်အေက ပြောသည်။

အစိုးရတပ်သည် မန်စီမြို့နယ် တပ်မဟာ (၃) တပ်ရင်း (၁၂) ဒေသတွင်လည်း စစ်အင်အားဆက်လက် တိုးချဲ့နေဆဲဖြစ်ပြီး တနင်္လာနေ့တွင် အစိုးရစစ်ကြောင်း ၁ ကြောင်းသည် မန်စီမှ ကိုင်ထိပ်လမ်း ပဒိုင်ယန်တွင် ရောက်ရှိနေကြောင်း KIA တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်းအောင်ပြောသည်။

အစိုးရတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) နှင့် တပ်မဟာ (၄) နယ်မြေသို့ စစ်အင်အားများတိုးချဲ့လျှက်ရှိပြီး နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

Most read this week