ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား
by -
ကေအဲန်ဂျီ

အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ဖွဲ့များအကြား ရှမ်းပြည်နယ် မြောက်ပိုင်း၌ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းတွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ အရာရှိများက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) နယ်မြေများဖြစ်သော KIA တပ်ရင်း ၉ နှင့် တပ်ရင်း ၈ ဒေသများ တွင် တနေရာစီ နှင့် တပ်ရင်း ၂ ဒေသတွင် ၂ နေရာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကွတ်ခိုင်မြို့နှင့် မူဆယ်လမ်းမတွင်ရှိသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၉ ဒေသ ဟူနောင် (Hu Nawng) ၌ ကွတ်ခိုင်ဘက်မှလှုပ်ရှားလာသော အစိုးရစစ်အင်အား ၄၀ ခန့်နှင့် KIA တပ်ရင်း (၉) ကြား ရင်ဆိုင်တိုက်ပွဲများ ယမန်နေ့ နံနက် ၈ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း တပ်ရင်း ၉ ကေအိုင်အေ အရာရှိ တဦးက ပြောသည်။

အလားတူ နံနက် ၈ နာရီအချိန်ခန့်တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ KIA တပ်ရင်း ၂ ဒေသတွင်လည်း မုန်ဂျီ ဘက်မှ လှုပ်ရှားလာသော အစိုးရစစ်အင်အား ၈၀ ကျော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၉ နာရီအချိန်ခန့်တွင် မုန်ဂျီ မန်ဂန် (Mung Ji Mungkang) ဘက်တွင် ပြန်လည် ပစ်ခတ်တိုက်ခဲ့ကြောင်း တပ်ရင်း (၃၆) ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) မှူး ဗိုလ်ဇော်ဆိုင်းက KNG ကချင်သတင်းဌာန ကိုပြောသည်။

ဗိုလ်ဇော်ဆိုင်းက “အစိုးရတပ်က လမ်းမတိုင်းမသွားပဲ ကျနော်တို့ KIA၊ MHH (ပြည်သူ့စစ်) တွေ အမြဲရှိတဲ့နေရာကို လမ်းမှားပြီး ဝင်လာသလိုလိုနဲ့ ကျနော်တို့နေရာထဲ ရုတ်တရက်ဝင်လာတော့ တိုက်ပွဲတွေဖြစ်လာတာ”ပြောသည်။

ယင်းတိုက်ပွဲများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိသကဲ့သို့ အစိုးရတပ်မှ ကျဆုံး ဒဏ်ရာရရှိမှုစာရင်းကိုလည်း မသိရှိရကြောင်း ကေအိုင်အေ တပ်မှူးများက ပြောသည်။

ထို့အပြင် ယနေ့နံနက် စောစောပိုင်းကလည်း မန်တုံမြို့နယ် မန်တုံနှင့် နမ္မတူကြား ကားလမ်းအနီးရှိ မန်ဓါတ်ရွာ ရဲစခန်းအား တပ်ရင်း (၈) ကချင်ပြည်သူ့စစ် (MHH)တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိ ရသည်။

၎င်းစခန်းတွင် ရဲတပ်သား ၁၅ ယောက်ခန့်ရှိသော စခန်းဖြစ်ပြီး ယနေ့နံနက်တွင် ပစ်ခတ်တိုက်ခိုက်ရာတွင် အစိုးရတပ်မှ ၄ ယောက်ကျပြီး သေနတ် ၆ လက်ရရှိခဲ့ကြောင်း ကျန်အစိုးရရဲသားများသည် မန်တုံမြို့ဘက်သို့ ထွက်ပြေးသိမ်းရှောင်သွားကြောင်း KIA တပ်မဟာ (၄) အရာရှိပြောသည်။

ထိုစခန်းသည် ဒေသခံ ပြည်သူများအား စစ်ဆေးမေးသည့် စခန်းဖြစ်ပြီး KIA သတင်းများယူသော စခန်းဖြစ် သောကြောင့် အခုလို ၀င်တိုက်ရခြင်းဖြစ်သည်ဟုအဆိုပါ အရာရှိက ပြောသည်။

ယခုအချိန်တွင် အစိုးရတပ်ဖွဲ့များသည် ရွှေဂက်စ် ဓါတ်ငွေ့ ပိုက်လိုင်း တည်ရှိရာ KIA တပ်မဟာ (၄) နယ်မြေ ဒေသအသီးသီးတို့ စစ်အင်အားများဖြင့် လှုပ်ရှားလာခြင်းကြောင့် KIA မှ ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲများ ဖြစ်ပွားခြင်းလာခြင်း ဖြစ်သည်ဟု ကေအိုင်အေ အရာရှိများက ပြောသည်။

Most read this week