အစိုးရတပ်ဖွဲ့အင်အားဖြည့်တင်း တိုက်ပွဲများ ဖြစ်လာဖွယ်ရှိ

အစိုးရတပ်ဖွဲ့အင်အားဖြည့်တင်း တိုက်ပွဲများ ဖြစ်လာဖွယ်ရှိ
by -
ကေအဲန်ဂျီ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) ဒေသ တပ်ရင်း ၁၂ နယ်မြေသို့ အစိုးရတပ် အင်အားများ ထပ်မံ ဖြည့်တင်းလာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာဖွယ်ရှိသည်ဟု ကေအိုင်အေ တပ်မှူးများက ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း လတ်တလောတွင် နှစ်ဖက်တပ်မှ ပစ်ခတ်မှုမရှိသေး သော်လည်း နမ်လင်းပါ တပ်စခန်းအနီးတွင် မိုင်းများ ပေါက်ကွဲနေကြောင်း ကေအိုင်အေ တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ကချင်သတင်းဌာန (KNG) ကို ပြောသည်။

ဗိုလ်မှူး ဂျွန်းအောင်က “ကျနော်တို့ကို ပတ်ခတ်တိုက်ခတ်ဖို့ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်အင်အားတွေ တိုးချဲ့လာတယ် မိုင်းခေါင် ဘက်က စစ်ကြောင်း ၁ ကြောင်းနဲ့ ကိုင်ထိပ် မဂျီကုန်ကဂျီကနေ စစ်ကြောင်း ၁ ကြောင်း ကျနော်တို့နဲ့အနီး ကပ်ရှိနေတယ်” ဟု ပြောသည်။

အစိုးရတပ်မှ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မန်စီမှ ကိုင်ထိပ်သို့ စစ်ကား ၃၄ စင်းဖြင့် စစ်အင်အား လက်နက်ရိက္ခာ များဖြင့် တိုးချဲ့လာသော အစိုးရစစ် ကြောင်းသည် ယမန်နေ့ ၁၁ ရက်ညတွင် ခြေလျှင်ဖြင့် မဂျီကုန်ကဂျီသို့ စစ်အင်အားများ ပြန်လည်တိုးချဲ့လာခြင်းဖြစ်သည်။

ထို့အပြင် ဗန်းမော်ဘက်မှ အစိုးရစစ်ကြောင်း ၁ ကြောင်းသည် ယနေ့ နံနက်တွင် မိုင်းခေါင်စခန်းတို့ တပ်ဖြည့် လာ ခြင်းကြောင့် KIA တပ်ရင်း ၁၂ နှင့် ပြင်းထန်သောတိုက်ပွဲများဖြစ်လာနိုင်ကြောင်း တပ်ရင်းမှူးက ပြောပြခဲ့သည်။

ကိုင်ထိပ်မှ မဂျီကုန်ကဂျီတို့ တိုးချဲ့လာသော အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၁၂ နှင့် ၂ မိုင်ခန့်သာ ကွာဝေးပြီး ဗန်းမော်ဘက်မှ တိုးချဲ့လာသော စစ်အင်အားသည် ၆ မိုင်ကျော်အကွာတွင် ရှိနေသည်ဟု တပ်ရင်း ၁၂ ဒေသမှ စည်းရုံးရေးမှူး တဦးဖြစ်သူ ဆလန်လဖိုင်လဒွဲက ပြောသည်။

“မဂျီကုန်ကဂျီမှာ ဘာစစ်အင်အားတိုးချဲ့ဖို့လည်းမလိုဘူး ဘာတပ်အပြောင်းအလဲလုပ်ဖို့လည်းမရှိတဲ့ နေရာမှာ သူတို့ ဘက်ကအခုလို စစ်အင်အားတိုးချဲ့လာတာက ကျနော်တို့ကို တိုက်ခိုက်ဖို့သာ” ဖြစ်သည်ဟု ဆလန်လဖိုင်လဒွဲက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၂ ဒေသ မုန်ဂျီ ဟူးရက်တွင် ကချင်ပြည်သူ့စစ် (MHH) တပ်ဖွဲ့များနှင့် အစိုးရတပ် အင်အား ၁၀၀ ကျော်တို့ ၁၅ မိနစ်ကျော်ကြာ ထိပ်တိုက်ရင်ဆိုင်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၄) ရှေ့တန်း KIA များက ပြောသည်။

အထိအခိုက် အကျဆုံးစာရင်းကိုမူ KNG မှ အတည်မပြုနိုင်သေးပါ။

ယခုချိန် KIA တပ်မဟာ (၄) ဒေသနှင့် တပ်မဟာ (၃) တပ်ရင်း ၂၇ နှင့် ၁၂ ဒေသတွင် အစိုးရတပ်သည် စစ်အင်အား တပ်အင်အားများဖြည့်ပြီး တိုးချဲ့လှုပ်ရှားနေခြင်းကြောင်း တိုက်ပွဲများပြင်းထန်လာနိုင်ကြောင်း ကေအိုင်အေ တပ်မှူးများက ပြောပြသည်။

Most read this week