ဧရာဝတီရေကာတာ ပြောင်းရွှေ့ခံရွာသားများ ပုဒ် ၁၈၈ ဖြင့်ခြိမ်းခြောက်ခံနေရ

ဧရာဝတီရေကာတာ ပြောင်းရွှေ့ခံရွာသားများ ပုဒ် ၁၈၈ ဖြင့်ခြိမ်းခြောက်ခံနေရ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်း ရပ်ဆိုင်းထားသော ကြောင့် ရွာသားအချို့ မိမိမူလနေရာသို့ ပြန်လည်နေထိုင်လုပ်ကိုင်လျှက်ရှိရာ မြစ်ကြီးနားမြို့နယ် အာဏာပိုင် များက အရေးယူမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အောင်မြင်သာရွာမှ ရဲများ၊ ရပ်ကွက်အုပ် ချုပ် ရေးမှူးများက မူလနေအိမ်သို့ပြန်လည်နေထိုင်သောသူများအား ဓါတ်ပုံများရိုက်ကာ သတိပေးခဲ့ခြင်း ဖြစ်ကြောင်း တန်ဖရဲဒေသခံတစ်ဦးက ပြောသည်။

တန်ဖရဲဒေသခံတစ်ဦးက “ပြန်လာကြည့်မယ် အဲချိန်မှာအဝါကဒ်ပြမယ် အဝါကဒ်ပြပြီးဆက်နေနေရင် အနီကဒ်ပြမယ် အနီကဒ်ပြရင်တော့ သိတဲ့အတိုင်းပဲတဲ့ သူတို့ကိုယ်တိုင်ကမဖမ်းဘူးတဲ့ ရဲတွေကို နာမည်ပေးရုံပဲ။ ရဲတွေလာဖမ်း မယ်လို့ပြောတယ်” ဟုပြောသည်။

တန်ဖရဲ (Tang Hpre) ရွာတွင် ဒေသခံအိမ်ခြေ ရ၀ ကျော် ပြန်လည်နေထိုင်လျက်ရှိပြီး အခြားဒေသမှ ရောက်လာသော မြန်မာများလည်းလာရောက်နေထိုင်ကာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် ရွာအတွင်း လက်ရှိနေထိုင်နေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဒေသခံများအား ကြက်၊ ဝက် အိမ်မွေးတိရိစ္ဆာန်များမမွေးရန်နှင့် ရွွာတွင်ပြန်လည်အခြေချနေထိုင်ခြင်း မပြုလုပ်စေလိုကြောင်း၊ ထိုသို့ တားမြစ်ထားသည့်ကြားမှ ဆက်လက်ပြုမူလျင် ပုဒ်မ (၁၈၈) ဖြင့် အရေးယူမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ထိုသို့ အစိုးရတာဝန်ရှိသူများက တရုတ်အစိုးရအရာရှိများလာရောက်လျင် ရွာဟောင်းတွင် ပြန်လည်နေ ထိုင်နေသည်ကို မမြင်စေလိုခြင်းဖြစ်သည်ဟုလည်း ပြောဆိုခဲ့ကြောင်းသိရသည်။

ဒေသခံတစ်ဦးက “ဘယ်တော့ ပြန်လာကြည့်မယ်လို့တော့ပြောမသွားဘူး အခုလောလော ဆယ်တော့ မပြန်သေးဘူး တောင်ယာတွေလည်း မပြီးသေးဘူး ဆိုတော့ တချို့က အဝါကဒ်ပြလည်း မလိုဘူးထင် တယ်နောလို့လည်း ပြောကြတယ် ကျမတို့ကသူတို့ရောက်လာတော့ ကြောက်ဖို့ဘဲသိတယ် ဘယ်လို လုပ်ကြမလဲဆိုပြီး နေနေကြတာ”ပြောသည်။

အောင်မြင်သာစံပြကျေးရွာမှ တန်ဖရဲရွာသို့ပြန်လည်နေထိုင်လျက်ရှိသော ဒေသခံများသည် မိမိ လယ်ယာ၊ တောင်ယာများပြန်လည် လုပ်ကိုင်နေခြင်းဖြစ်ပြီး အချို့သည် စျေးဆိုင်များဖွင့်ကာ မြစ်ကမ်းနားတွင် တနိုင်တပိုင်ရွှေကျင်၍ အသက်မွေးဝမ်းကြောင်းပြုလုပ်နေကြောင်း ဒေသခံများပြောသည်။

မြစ်ဆုံတည်ဆောက်မှု တာဝန်ယူဆောက်လုပ်နေသော တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) သည် ပြောင်းရွှေ့ အောင်မြင်သာရွာသားများအား နှစ်ရှည်ပင်သီးနှံများအတွက် နစ်နာကြေးများ မပေးသေးသော်လည်း ပေးပြီးကြောင်း စာအုပ်များထုတ်ဝေကာ ဒေသခံများအား ဝေပေးခဲ့သည်ကိုလည်း ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ရေကာတာစီမံကိန်းကို သမ္မတဦးသိန်းစိန် ရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ရေကာတာနှင့်ပတ်သက်၍ လှုပ်ရှားမှုများတွေ့မြင်နေရပြီး တန်ဖရဲရွာ (Tang Hpre)နှင့် ကျိန်ခရန်ရွာ (Chying Hkrang) လမ်းကို  ပြုပြင်နေကြောင်းသိရသည်။

 ပြီးခဲ့သည့် နိုဝင်ဘာလတွင် အောင်မြင်သာရွာကိုလည်း လျှပ်စစ်မီးနှင့် ဆန်များထောက်ပံ့ပေးခဲ့ပြီး မြစ်တဘက်ကမ်းရှိ မလိယန် (Mali Yang) ကျေးရွာတွင်လည်း ပြောင်းရွှေ့ဒေသခံများအတွက် မီးများတပ်ဆင်ပေးနေကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းနှင့် မလွှတ်သော တန်ဖရဲရွာကို ၂၀၁၁ ခုနှစ်မှ အောင်မြင်သာရွာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ယခုချိန် အိမ်ထောင်စုပေါင်း ၃၀၀ ကျော် ရှိုကာ ၄င်းတို့၏ ပုံစံတူအိမ်များကို မြန်မာအစိုးရ အေးရှားဝေါလ် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

Most read this week