ကချင်ပြည်နယ်တွင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကျင်းပ

ကချင်ပြည်နယ်တွင် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကျင်းပ
by -
ကေအဲန်ဂျီ

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာလူ့အခွင့်အရေးနေ့ဟောပြောပွဲ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျမ်းစာကျောင်းရှိ အေဒီ ၂၀၀၀ ခန်းမဆောင်တွင် ကျင်းပခဲ့ရာ ဖိတ်ကြားသူများနှင့် ဒေသခံများ ၁၂၀၀ ကျော်တက်ခဲ့ကြသည်။

၎င်းဟောပြောပွဲကို လူ့အခွင့်အရေး သီချင်းများ၊ ကဗျာများဖြင့် စီစဉ်ကျင်းပကာ ယခုနှစ်ဟောပြောပွဲသည် ဒုတိယ အကြိမ်မြောက်ဖြစ်ပြီး ကချင်လူထုအတွင်း လူ့အခွင့်အရေးကို ပိုမိုနားလည်စေရန် ဖြစ်သည်ဟု ဟောပြောပွဲ စီစဉ်သူ ကိုမုန်ဒန်က KNG ကချင်သတင်းဌာနကို ပြောပြသည်။

“ကချင်လူထုက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောဆိုမှုနည်းပါးတယ် လူ့အခွင့်အရေးပြောတိုင်း တရားဥပ ဒေ ကို ချိုးဖောက်တယ်လို့ထင်ကြတယ် မှားယွင်းတဲ့နားလည်မှုတွေ ပပျောက်ဖို့နဲ့ လူ့အခွင့်အရေးကို လူအများသိရှိလာစေဖို့၊ ကချင်ပြည်နယ်မှာရှိတဲ့ CSO တွေနှင့် အစိုးရများလည်း ယုံကြည်မှုများ တည်ဆောက်လာနိုင်ဖို့၊ လူ့အခွင့်အရေးကို ပိုနားလည်လာပြီး ကိုယ့်အခွင့်အရေးများကို နားလည်ကာကွယ် လာဖို့” ဖြစ်ကြောင်း ဆွေးနွေးပွဲစီစဉ်သူ ကိုမုန်ဒန် KNG ကချင်သတင်းဌာန သို့ပြောသည်။

ယနေ့တွင် ကချင်ပြည်နယ်အစိုးရ ဝန်ကြီး ကမန်းဒူနော်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးလဖိုင် ဇော်ဂွန်း နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့မှ လူ့အခွင့်အရေးနှင့် ပတ်သက်သည်များကို ဟောပြောခဲ့သည်။

ဟောပြောပွဲကို ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့မှ စုပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်သည် “WORKING FOR YOUR RIGHTS'' (ကိုယ့်အခွင့်အရေး အတွက် ကိုယ်လုပ်ကြ) ဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့မှ အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့အား တောင်းဆိုသည့် ကြေညာချက် (၁၀) ချက်ကိုလည်း ယနေ့ထုတ်ပြန်ကြေညာခဲ့သည်။

၎င်းတို့သည် နိုင်ငံတော်အစိုးရနှင့် KIO အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုများတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကျူးလွန် ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို တရားမျှတမှုနှင့် ကုစားမှုရရှိရေး အတွက်အထူး အလေးထား ထည့်တွင်းဆွေးနွေးရန်၊ တရားဥပဒေ စိုးမိုးရေးကင်းမဲ့မှုကြောင့် အဆိုပါ ပဋိပက္ခဒေသများတွင် ဆက်လက်ဖြစ်ပွား နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရန် လွတ်လပ်သောပြည်တွင်း လူ့အခွင့်အရေး စောင့်ကြည့်တားဆီးရေးအဖွဲ့များ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လွတ်လပ်၍တရားမျှတသော နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဝင်ရောက်စေ၍ လွတ်လပ်စွာ စုံစမ်းဆောင်ရွက်ခွင့်ပြုရန် စသည့် လူအခွင့်အရေးဆိုင်ရာများကိုအချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြောင်း ကိုမုန်ဒန်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို စီတာပူရပ်ကွက်ရှိ မနောကွင်း မဂျွယ်ခန်းမတွင် ပထမဆုံးကျင်းပပြီး လူဦးရေ ရ၀၀ ခန့် တက်ရောက်ပြီး လာမည့်နှစ်တွင် လူအခွင့်အရေးနှင့် ဟောပြောပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week