ပန်ဝါအထက် တရုတ်ဖက်ခြမ်းရှိ ဖရဲခက်ဒုက္ခသည်စခန်းကို တရုတ်အာဏာပိုင်များရွှေ့ခိုင်း

ပန်ဝါအထက် တရုတ်ဖက်ခြမ်းရှိ ဖရဲခက်ဒုက္ခသည်စခန်းကို တရုတ်အာဏာပိုင်များရွှေ့ခိုင်း
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပန်ဝါအထက်  မှတ်တိုင်အမှတ် (၆) တရုတ်နယ်စပ်ရှိ ဖရဲခက် (Hpare Hkyet) စစ်ပြေး ဒုက္ခသည်စခန်းကို တရုတ်အစိုးရအာဏာပိုင်များက တိုက်ပွဲများငြိမ်သက်လာပြီ ဖြစ်သောကြောင့် ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထား ပြောင်းရွှေ့ခိုင်း နေကြောင်း သိရသည်။

မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) စစ်ပြေးဒုက္ခသည်စခန်းသည် တရုတ်ပြည်ဘက်ခြမ်းတွင်ရှိပြီး ယခုချိန် ရာသီဥတုများအေးခဲနေချိန် ၎င်းမှတ်တိုင်စခန်းမှ ၁ မိုင်ခန့်အကွာတွင်ပြောင်းရွှေ့ထားရသောကြောင့် အခက်ခဲများရှိသည်ဟု ဒုက္ခသည်များပြောသည်။

pan wah

တရုတ်အစိုးရအာဏာပိုင်များမှ စခန်းပြောင်းရွှေ့၍ ပြန်လည်ဆောက်လုပ်နိုင်ရန် လက်ကိုင်လွှ (Yuki) ၂၀ ခု၊ တူ၊ သွပ်ကြိုး၊ သံများနှင့် သုံးထပ်သားများကူညီပေးထားပြီးဖြစ်သောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပြောင်းရွှေ့ထားခြင်းဖြစ်ကြောင်းသိရသည်။

“၂ အိမ် ၃ အိမ်က ပြောင်းနေကြပြီ ဒီဇင်ဘာလမှာ အားလုံးပြောင်းရွှေ့လာမယ်လို့ပြောတယ် အရမ်းချမ်းပြီး လမ်းခရီးခက်ခဲတဲ့နေရာဖြစ်တယ် အခုချိန်မှာရေတောင် ခဲနေပြီ” ဟု၎င်းဒုက္ခသည်စခန်းသို့ အကူညီပေးခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆရာ တစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ဒုက္ခသည်များသည် တိုက်ပွဲများ ငြိမ်သက်နေချိန်ဖြစ်သောကြောင့် ပြောင်းရွှေ့လိုက်ရခြင်းဖြစ်ပြီး အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပါက ယခင်နေရာ တရုတ်ပြည်ဘက်ခြမ်းသို့ ထပ်မံထွက်ပြေးရမည်ဖြစ်ကြောင်း ဒုက္ခသည်များပြောသည်။

စစ်ပြေးဒုက္ခသည်စခန်းမှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) တွင် လူဦးရေ ၈၀၀ ကျော်ရှိပြီး ၎င်းတို့သည် နယ်ခြားစောင့်တပ်မှ တိမ်းရှောင်ကာ KIO နယ်မြေရှိ ရွာသားများဖြစ်သည်။

၎င်းဒုက္ခသည်စခန်းကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်ဖြူ/နီ၊ သကြား၊ သွားတိုက်တံ၊ သွားတိုက်ဆေးများထောက်ပံ့ပေးခဲ့ပြီး ရေကန်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရသည် တိုက်ပွဲများဖြစ်ပွားချိန်မှ ၎င်းဒုက္ခသည်များအား ပြောင်းရွှေ့ရန်ပြောဆိုနေခြင်းကြောင့် ယခုချိန် KIA တပ်ရင်း (၃၂) နှင့် (၃၃) နယ်မြေအနီးပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်း ဒုက္ခသည်စခန်းအား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အစားအသောက်များ တကိုယ်ရေသန့်ရှင်းမှုနှင့် ကလေးပညာရေးအတွက် ကူညီထောက်ပံံ့ပေးနေသော်လည်း ဆက်လက်၍ ကူညီမှုများလိုအပ်နေကြောင်း သိရသည်။

အဆိုပါ တရုတ်နယ်စပ်ရှိစခန်းများသည် ဆောင်းရာသီတွင် နှင်းများကျ၍ ရေခဲတောင်များဖြင့် အအေးလွန်ကဲကာ ဒုက္ခသည်အဖြစ်တိမ်းရှောင်နေသူများအတွက် အနွေးထည်နှင့် စောင်များ မလုံမလောက်အခက်ခဲဖြစ်နေကြောင်း သိရသည်။

Most read this week