ကိုယ်လွတ်ထွက်ပြေးခဲ့ရသော နမ်လင်းပါဒုက္ခသည်များ အခက်ခဲဖြစ်

ကိုယ်လွတ်ထွက်ပြေးခဲ့ရသော နမ်လင်းပါဒုက္ခသည်များ အခက်ခဲဖြစ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်မန်စီမြို့နယ် နမ်လင်းပါကျေးရွာတွင် ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြားတိုက်ပွဲများကြောင့် လုံခြုံရာသို့ တောတောင်လမ်းမှထွက်ပြေးတိမ်းရှောင်လာခဲ့သော ဒေသခံများသည် လမ်းခရီးတွင်အခက်ခဲများ ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။

ထိုသို့တောတောင်မှ ခြေလျင်ဖြင့်ထွက်ပြေးလာခဲ့ချိန် လူငယ်လူရွယ်များအတွက်မူ အခက်ခဲများစွာ မရှိသော်လည်း သက်ကြီးရွယ်အိုနှင့် မကျမ်းမာသူများအတွက် အခက်ခဲများစွာရင်ဆိုင်ခဲ့ရကြောင်း မိုင်းခေါင်စခန်းသို့ ယမန်နေ့ရောက်ရှိလာသော အသက် ရ၀ ခန့်ရှိ  ဦးလဆန်လ ကပြောသည်။

kachin-refugee-23 550 400

ဦးလဆန်လက “တောစပ်ကနေထွက်ခဲ့တာ လမ်းမလျှောက်နိုင်တဲ့အဖွားအို ၂ ယောက်ကိုခေါ်ခဲ့ပြီးမှ တလမ်းလုံး ခဏထိုင် ခဏသွား ခဏထိုင် ခဏသွားနဲ့ လာခဲ့ရတယ်။ အစားအသောက်တွေ ဘာတခုမှမပါ ဘူး စောင်တွေ တခုမှမယူခဲ့ရဘူး၊ ကိုယ်လွှတ်ပဲထွက်ပြေးခဲ့ရတယ်။ ဆန်တခွက် ၂ ခွက်ပဲပါခဲ့ပြီးမှ လမ်းမှာပဲ ၀ါးကျည်ထောက်တွေနဲ့ပေါင်းစား အဲလိုပဲလာခဲ့ရတယ်။ တောမှာပဲအိပ်ပြီးလာတယ်။ အခုကျွန်တော်တို့နဲ့ အတူတူ ရောက်ခဲ့တာက ၁၆ ယောက်ပါပဲ အဖွားအိုတွေနဲ့ ယေက်ျားတွေ ရောဂါသည်တွေနဲ့လာခဲ့ရတယ် နောက်ပြီး တောစပ်တောင်စပ် တောကြားချိကြားထဲမှာ ကျန်နေကြသေးတယ်”ဟု ပြောသည်။

မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တပ်မဟာ (၃)လက်အောက် တပ်ရင်း ၁၂ နယ်မြေ နမ်လင်းပါရွာတွင် နိုဝင်ဘာလလယ်ပိုင်းမှ ကြံ့ဖွံ့အကူညီပေးတဲ့အဖွဲ့များနှင့် အစိုးရတပ်သား ၀င်ရောက်လာ ကာ ပစ်ခတ်မှုများကြောင့် ရွာသားများ ရုတ်တရက် ကြောက်လန့် ထွက်ပြေးခဲ့ရပြီး ယခုချိန် မန်ဝင်း၊ ဗန်းမော်၊ မိုင်းခေါင်ဒုက္ခသည်စခန်းများတွင် အသီးသီးခိုလှုံခဲ့ရခြင်းဖြစ်သည်။

အဆိုပါဒုက္ခသည်များသည် ၄င်းတို့ပိုင်ဆိုင်ထားသော တိရိစ္ဆာန်များနှင့် ဆန်စပါးများကို စွန့်လွှတ်ခဲ့ပြီး ကိုယ်လွှတ်ရုန်းထွက်လာခဲ့ရသောကြောင့် ယခုချိန်စခန်းများတွင်ခိုလှုံနေရသော်လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများထိခိုက်နေကြောင်း မိုင်းခေါင်စခန်းတာဝန်ရှိသူ ဆရာနော်မိုင်ပြောသည်။

ဆရာနော်မိုင်က “ဟိုမှာ တအားမထွက်ချင်ပဲနဲ့ ထွက်လာခဲ့တဲ့ပုံစံပေါက်နေပါတယ်။ စိတ်ကတော့ဟိုဘက်မှာ သူတို့ရဲ့ကျွဲနွားတွေ သူတို့ရဲ့ဆန်စပါးတွေ သိမ်းခါနီး ရိတ်နေတဲ့အချိန်မှာထွက်ပြေးလာခဲ့တယ်။ သူတို့ကတအား စိတ်မကျေ မနပ်ဖြစ်နေတဲ့အခြေအနေဖြစ်နေပါတယ်။ သူတို့ရုပ်ကိုကြည့်ရင်လည်း ကိုယ်ခန္ဓာပဲဒီမှာရောက်နေပြီး သူတို့စိတ်က ဟိုမှာရောက်နေတဲ့ပုံစံဖြစ်နေပါတယ်။ အိမ်ကိုပဲလွမ်းနေကြ တာပေါ့။ နည်းနည်း အခြေအနေ ကောင်းလာရင် အိမ်ကိုပဲပြန်မယ်တော့မယ်ဆိုပြီး သူတို့ပါးစပ်ထဲမှာ အမြဲတမ်း ဒါပဲဖြစ်နေကြပါတယ်။ ဒါကြောင့် သူတို့ စိတ်ပျော်အောင် ဖြည့်ဆည်းဖို့ကတော့ တော်တော်လေး ခဲယဉ်းနေတဲ့ အခြေအနေဖြစ်နေပါတယ်”

ထိုသို့ ဒုက္ခသည်စခန်းများတွင်လည်း အသစ်ထပ်မံထွက်ပြေးတိမ်းရှောင်လာသော အကူညီပေးရေးပစ္စည်း များ မရရှိသေးသောကြောင့် နေရာထိုင်ခင်းမှအစ အစားအသောက်များနှင့်ကျောင်းသား များ၏ကျောင်းသုံး ကိရိယာ ၀တ်စုံများ စသည်ဖြင့်လိုအပ်နေကြောင်း ဒုက္ခသည် ၁ ထောင်ကျော်ခိုလှုံနေသော မန်ဝင်းမြို့နယ် ဒုက္ခသည်စခန်းမှ တာဝန်ရှိ ဆရာမ နန်ထု ပြောသည်။

ဆရာမနန်ထုက “လောလောဆယ်တော့ သူတို့နေရေးထိုင်ရေး အဲဒါတော်တော်အခက်အခဲဖြစ်နေတယ်ရှင့်၊ ဒီလိုပဲ ကဒ်ထူတွေခင်းပြီးတော့အိပ်ရတယ်။ အခု သူတို့ရောက်ခါစဆိုတော့ စားဖို့သောက်ဖို့လည်း ကျမတို့ နဂိုရှိပြီးသားဒုက္ခသည်တွေဆီက တယောက်နည်းနည်းဝေမျှ စားနေတော့ ထမင်းတော့နေရတာပေါ့နော် ဟင်းကကျတော့အခက်ခဲဖြစ်နေတယ်။ သူတို့ဟာသူတို့ချက်စားဖို့ကလည်း ထင်းလည်းအခက်ခဲဖြစ်နေတယ်ရှင်”ဟု ပြောသည်။

ဒုက္ခသည်များကို ကူညီမှုများကို အသင်းတော်များနှင့် စေတနာရှင်အချို့၏ ထောက်ပံ့မှုများရရှိသော်လည်း ယခုချိန် ဆက်လက်၍ တိုက်ပွဲသံများထပ်မံကြားနေရသောကြောင့် ဒုက္ခသည်များတိုးလာမည့် အခြေအနေရှိ နေဆဲဖြစ်ကြောင်း ဒုက္ခသည်စခန်းတာဝန်ရှိသူများပြောသည်။

ထိုသို့ စစ်ရေးတင်းမာမှုများကြောင့် နှစ်ဖက်ဆက်ဆံရေးအခြေအနေစိုးရိမ်ဖွယ်ရှိသော်လည်း KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်သည် ရန်ကုန်မှတဆင့် ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်ခတ်ရပ်စဲခြင်း လက်မှတ်ထိုးခြင်း မရှိသေးသည့် အဖွဲ့တခုအနေဖြင့် တရားဝင် နိုင်ငံကူး လက်မှတ်ဖြင့်သွားလာနိုင်ခြင်း သည် နှစ်ဖက်ကြား တိုးတက်မှုတခုဖြစ်သည်ဟု ဆိုနိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှ ဦးလှမောင်ရွှေပြောသည်။

သို့သော်လည် ငြိမ်းချမ်းရေးဆွေးနွေးမှုရလဒ်များ အကောင်အထည်ဖော်ခြင်းတွင် နှစ်ဖက် ဆက်ဆံရေး အခြေအနေသည် ယခုချိန် ငြိမ်သက်နေသည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များကပြောသည်။

Most read this week